မောင်တောမြို့မှ အမြန်ဆုံးထွက်ခွါကြရန် AA သတိပေး

မောင်တောမြို့မှ အမြန်ဆုံးထွက်ခွါကြရန် AA သတိပေး

ရခိုင်ပြည်နယ် မောင်တောမြို့ဒေသခံများအနေဖြင့် ၂၀၂၄ ခုနှစ် ဇွန်လ (၁၆)ရက် ည (၉)နာရီအချိန်မှစတင်ပြီး မောင်တောမြို့အတွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာကြရန် အာရက္ခတပ်တော် (AA)က အသိပေးထုတ်ပြန်လာသည်။

မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းများအားလုံးနီးပါးအား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်၍ အပြီးသတ် သိမ်းပိုက်ထားပြီးသည့်အချိန်တွင် မောင်တောမြို့နှင့် မောင်တောမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကို ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားပြီးဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီသည် မောင်တောမြို့အား ၎င်းတို့၏ စစ်စခန်းများသဖွယ်အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးကို ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ လက်ကျန်စခန်းများ အားလုံးကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် မောင်တောမြို့သူမြို့သားများအနေဖြင့် စစ်ကောင်စီ၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုးမရှိစေရန် သတိပေးထားသည်။

#TachileikNewsAgency

Photo:AA Info Desk