လေးကေ့ကော်ရှိ စွယ်တော်ကုန်းတပ်စခန်းသိမ်းတိုက်ပွဲမှ ၁၂၀ မမ လက်နက်ကြီးနှစ်လက် အပါအဝင် လက်နက်များစွာသိမ်းဆည်းရရှိ

လေးကေ့ကော်ရှိ စွယ်တော်ကုန်းတပ်စခန်းသိမ်းတိုက်ပွဲမှ ၁၂၀ မမ လက်နက်ကြီးနှစ်လက် အပါအဝင် လက်နက်များစွာသိမ်းဆည်းရရှိ
အောက်တိုဘာ 18, 2024 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်၏ မစခ(၆၀၆) လက်အောက်ခံ အမြောက်တပ်ဖွဲ့ ပူးတွဲတာဝန်ယူထားသော စွယ်တော်ကုန်းနယ်စပ် ခြေကုတ်အမြောက်စခန်းအား တိုက်ခိုက်သိမ်းပိုက်ရာ ၁၂၀ မမလက်နက်ကြီး (၂)လက်အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KNU ဗဟိုက ယနေ့ အောက်တိုဘာလ (၁၈)ရက်နေ့တွင် ထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့ နံနက်(၄)နာရီခွဲတွင် အဆိုပါစစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတပ်စခန်းကို တော်လှန်ရေးတပ်များသည် (၇)လကြာ ဝန်းရံပိတ်ဆို့ပြီးနောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စခန်းသိမ်းပိုက်စဉ်အတွင်း စစ်သုံ့ပန်းများအပြင် စစ်ကောင်စီတပ်များထံမှ (၁၂၀)မမ လက်နက်ကြီး (၂)လက်၊ ပွိုင့်ဖိုက် (၁)လက်နှင့် လက်နက်ငယ်များအပါအဝင် ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်သည် ၂၀၀၃ ခုနှစ်မှစတင်ကာ ထိုင်း−မြန်မာ နယ်စပ်တပ်စခန်း အဖြစ် စတင်တပ်စွဲခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်များမှ တာဝန်ယူခဲ့ကာ ၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီတပ်အာဏာသိမ်းသည့်အချိန်မှစပြီး တပ်မ (၂၂)၊ တပ်မ(၄၄)နှင့် ကမ်းရိုးတမ်းတပ်များပါ လာရောက်တပ်စွဲနေခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတပ်စခန်းသည် ထိုင်းမြန်မာနယ်စပ်တွင်တည်ရှိကာ နယ်မြေစိုးမိုးရေးနှင့် နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်တည်ဆောက်ထားသော တပ်စခန်းတစ်ခုဖြစ်ပြီး လေကေ့ကော်မြို့သစ်သို့ ကျူးကျော်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးသည့်အချိန်မှစပြီး မြဝတီနှင့် ဖလူးဒေသတစ်လျှောက်ကို လက်နက်ကြီးများနှင့်ပစ်ခတ်နေသည့် စခန်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU