ရေဦးမြို့နယ်တွင်း စစ်ကောင်စီလက်အောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး   (၅)ဦး အလုပ်မှ နှုတ်ထွက်

ရေဦးမြို့နယ်တွင်း စစ်ကောင်စီလက်အောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး   (၅)ဦး အလုပ်မှ နှုတ်ထွက်
နိုဝင်ဘာ 2, 2021 | အခြားဒေသများ

 စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး (၅) ဦး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့တွင် အလုပ်မှ နှုတ်ထွက်သွားကြောင်း သိရသည်။

ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ အုတ်ဖိုကျေးရွာအုပ်စုမှ အငယ်တန်းစာရေး ဦးဝင်းနိုင်ဦး၊ ချောင်းရှည်ကျေးရွာအုပ်စု အငယ်တန်းစာရေး ဦးကျော်ခိုင်၊ တမာတောကျေးရွာအုပ်စု အငယ်တန်းစာရေး ဦးသင်္ကြန်မိုး၊ ရွာငယ်ကျေးရွာအုပ်စု အငယ်တန်းစာရေး ဒေါ်ထက်ထက်မိုးနှင့် ညောင်လည်ကျေးရွာအုပ်စု အငယ်တန်းစာရေး ဦးဝင်းစိုးတို့သည် နိုဝင်ဘာလ (၁) ရက်နေ့တွင် နှုတ်ထွက်စာအသီးသီး တင်ထားကြခြင်းဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းမှုကို လက်မခံသည့် နိုင်ငံ့ဝန်ထမ်းများက အာဏာဖီဆန်၍ CDM လုပ်ခဲ့ကြစဉ်ကလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းအချို့ ပါဝင်ခဲ့ပြီး ပြည်သူ့တော်လှန်ရေးအရှိန်ရလာချိန်တွင် အာဏာသိမ်းစစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ခြင်း၊ ထွေအုပ်စာရေးများ နှုတ်ထွက်ခြင်းများရှိလာသည်ကို တွေ့ရသည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား စစ်တပ်လက်အောက်ရှိ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ ရွှေ့ပြောင်းလိုက်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများတွင် စစ်တပ်ကပါဝင်နေရာယူလာခြင်းဖြစ်သည်။

#TachileikNewsAgency