ဒီပဲယင်းမြို့တွင် အာဏာသိမ်းစစ်တပ်အား ခုခံတိုက်ခိုက်မှုအတွင်း CDM ကျောင်းဆရာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

ဒီပဲယင်းမြို့တွင် အာဏာသိမ်းစစ်တပ်အား ခုခံတိုက်ခိုက်မှုအတွင်း CDM ကျောင်းဆရာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး
ဒီဇင်ဘာ 4, 2021 | အခြားဒေသများ

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ စစ်ရေးခေါင်းဆောင်တစ်ဦးဖြစ်သည့်  CDM ကျောင်းဆရာတစ်ဦး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကျဆုံးသွားကြောင်း သိရသည်။

 ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) မှ စစ်ဆင်ရေးခေါင်းဆောင်တစ်ဦးဖြစ်သူ CDM ကျောင်းဆရာ ကိုမြဝင်းကို (ခ) နွားကျောင်းသားသည် အာဏာသိမ်းတပ်အား ခုခံတိုက်ခိုက်မှုအတွင်း အခြားရဲဘော်များကို ကာကွယ်ရန် နောက်ချန်ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့်အတွက် လွန်စွာဝမ်းနည်းရကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီဇင်ဘာလ (၄) ရက်နေ့တွင် ထုတ်ပြန်သည်။

ဒီပဲယင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က နိုဝင်ဘာလ (၂၇) ရက်နေ့မှစ၍ လေကြောင်းပစ်ကူဖြင့်ပါ တိုက်ခိုက်၍ အရပ်သားအများအပြား စစ်ဘေးတိမ်းရှောင်ခဲ့ရသည့်အပြင် ဒေသတွင်း အင်အား (၄၀၀)ဝန်းကျင်ဖြင့် တိုက်ခိုက်နေဆဲဖြစ်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူ့ဆန္ဒဆန့်ကျင်ကာ စစ်တပ်က နိုင်ငံ့အာဏာသိမ်းထားမှုကြောင့် နိုင်ငံ့ဝန်ထမ်းအများအပြားက အာဏာဖီဆန်ရေးလှုပ်ရှားမှုဖြင့် ငြိမ်းချမ်းစွာဆန့်ကျင်ခဲ့ကြသော်လည်း အာဏာသိမ်းအဖွဲ့က နည်းမျိုးစုံဖြင့် အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် လက်နက်ကိုင်ခုခံတော်လှန်မှုများရှိလာခြင်းဖြစ်သည်။