ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရမှု စစ်ခေါင်းဆောင် လူကိုယ်တိုင်မလာဘဲ ကိုယ်စားဖြင့်တောင်းပန်

ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရမှု စစ်ခေါင်းဆောင် လူကိုယ်တိုင်မလာဘဲ ကိုယ်စားဖြင့်တောင်းပန်

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းထိုင်ဆရာတော်ကြီးအား ပစ်ခတ်ပြီးနောက် ခွင့်လွတ်ပေးရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်းခံသည်ဟု သိရသည်။

စစ်ခေါင်းဆောင်သည် ခွင့်လွှတ်မှုတောင်းခံရန် လူကိုယ်တိုင်မလာဘဲ ၎င်း၏ တောင်းပန်စာကို ပဲခူးတိုင်းအစိုးရအဖွဲ့အား ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၂၄)ရက်နေ့တွင် ပေးပို့ကာ ဖတ်ကြားစေသည်။

တောင်းပန်စာတွင် "ပရိယတ္ထိသာသနာတွင် တန်ဖိုးရှိ ထင်ရှားကျော်ကြားလှသော သံဃာတော်အရှင်သူမြတ်တစ်ပါးဖြစ်သည့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဆရာတော်ကြီး ဆုံးရှုံးခဲ့ရသည့်အတွက် တပည့်တော်တို့အနေဖြင့် များစွာဝမ်းနည်းကြေကွဲရသည့်အပြင် ယခုဖြစ်စဉ်အတွက်လည်း အလေးအနက်ထား၍ တောင်းပန်အပ်သည်ကို လျှောက်ထားလိုပါသည်ဘုရား"ဟု စစ်ခေါင်းဆောင်က ကိုယ်စားတောင်းပန်သည်။

ထို့နောက် ဆရာတော်ကြီးများအား ရှေ့၌ထားကာ PDF တပ်များအား ဆပ်ကြေးကောက်၊ ပြန်ပေးဆွဲခြင်းများ လုပ်ဆောင်သည့် ဒေ သဖြစ်သည်ဟုလည်း ထပ်မံဝါဒဖြန့် လိမ်လည်ပြောဆိုပြန်သည်။

"ဆရာတော်လိုက်ပါစီးနင်းလာသည့်ယာဉ်သည် သာသနာရေးနှင့်သက်ဆိုင်သည့် အမှတ်သားများမပါသည့် အရပ်ယာဉ်ဖြစ်ပြီး အရှိန်ပြင်းစွာမောင်းနှင်လာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးအရ စစ်ဆေးရန်၊ မှန်ချမောင်းနှင်ရန်နှင့် ရပ်တန့်ရန် တားဆီးဆောင်ရွက်ခဲ့ကြသော်လည်း ဆက်လက်မောင်းနှင်သွားသည့်အတွက် ပစ်ခတ်မှုများ ဆောင်ရွက်ရခြင်းကြောင့် ဆရာတော် ကြီးကို ထိမှန်ပြီး ပျံလွန်တော်မူသဖြင့် ဝမ်းနည်းဖွယ် သိရှိရပါသည် ။"ဟုလည်း ဆရာတော်ကြီးများနှင့် ယာဉ်မောင်းတို့အပြစ်ဟုဆိုကာ ထိုးချသည်။ 

ပြီးခဲ့သည့် ဇွန်လ(၁၉)ရက်နေ့က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ကမ္မရွာအနီးတွင် ဝင်းနိမ္မိတာရုံကျောင်းထိုင်ဆရာတော်ကြီး စီးလာသည့်ကားကို စစ်ကောင်စီတပ်သားများက ဝိုင်းဝန်းပစ်ခတ်ခဲ့သည်။

ပစ်ခတ်ခံခဲ့ရပြီး ဆရာတော်ကြီး သေနတ်ဒဏ်ရာတွေနှင့် ပျံလွန်တော်မူခဲ့ရာ ယာဉ်မောင်းကို PDF ပစ်ကြောင်း လိမ်လည်ခိုင်းပြီး အတူပါဆရာတော်ကြီးကို အကြိမ်ကြိမ်စစ်ဆေးခဲ့သည်။

ထို့နောက်အတူပါ ဆရာတော်ကြီးမှ စစ်ကောင်စီတပ်က ပစ်ခတ်ကြောင်း မိန့်ကြားမှသာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့ပစ်ခတ်ကြောင်း ဝန်ခံလာခြင်းဖြစ်သည်။

#TachileikNewsAgency