ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီမှ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း နှင့် ဒေသခံများအား ဖမ်းဆီးခြင်းများ လုပ်ဆောင်နေ

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီမှ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း နှင့် ဒေသခံများအား ဖမ်းဆီးခြင်းများ လုပ်ဆောင်နေ

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကော်သူးလေအုပ်ချုပ်နယ်မြေ လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တို့အတွင်း စစ်ကောင်စီမှ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ၊ ဒေသခံများအား ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း KNU ဗဟိုက ၂၀၂၄ခုနှစ် သြဂုတ်လ (၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်အတွင်း သြဂုတ်လ (၄)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် စဉ့်အိုးလှရွာမှနေ၍ တလိုင်းခင်ကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် တလိုင်းခင်ကျေးရွာရှိ  နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ (၇) ရက်နေ့ ညခုနှစ်နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ကုန်းမြင့်သာယာစခန်းကုန်းမှ ၁၂၀ မမ လက်နက်ကြီး (၂) လုံးပစ်ခတ်ခဲ့ရာ ဘုရားကြီး ကျေးရွာရှိ ဒေသခံတစ်ဦး၏ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း ဩဂုတ်လ (၄) ရက်နေ့ ည (၈)နာရီခန့်တွင် စစ်ကောင်စီ၏ ဇရပ်ကြီး အခြေစိုက် ခလရ (၇၃) မှနေ၍ ၁၂၀ မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်ရာ တစ်လုံးသည် သပြေညွန့်ကျေးရွာနား ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန်တစ်လုံးသည် ကျောက်ကြီးပေါက်ရွာ‌ဘေး ကျရောက်ပေါက်ကွဲကာ ကျေးရွာကိုယ်ထူကိုယ်ထ လျှပ်စစ်ရုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇရပ်ကြီး အခြေစိုက် ခလရ (၇၃)မှ ဇူလိုင်လ (၂၁)ရက်နေ့တွင် ရွှေပြည်သာကျေးရွာနေ ဒေသခံလူငယ်တစ်ဦးနှင့် ဇူလိုင်လ (၂၉) ရက်နေ့တွင် နောက်ထပ်ဒေသခံတစ်ဦးအား ဇရပ်ကြီးသို့ ဈေးဝယ်သွားစဉ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့်လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပဲခူးတိုင်း ၊ ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ (၄၃၀,၁၆၁)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU