ရမခ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့် အပါအဝင် (၃)ဦးကို အရှင်ဖမ်းမိဟု သတင်းထွက်

ရမခ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့် အပါအဝင် (၃)ဦးကို အရှင်ဖမ်းမိဟု သတင်းထွက်

 ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ တွင် အခြေစိုက်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ရှုံးပြီး ထွက်ပြေးလွတ်မြောက်နေသည့် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့် အပါအဝင် (၃)ဦးကို ယနေ့  ၂၀၂၄ခုနှစ် ဩဂုတ်လ(၄)ရက်နေ့တွင်   လက်ရအရှင် ဖမ်းမိကြောင်း သတင်း ထွက်ပေါ်နေသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်သည် စစ်ယူနီဖောင်းဖြင့် မဟုတ်ဘဲ အရပ်ဝတ်ဖြင့် ထွက်ပြေးလာစဉ် MNDAA ပူးပေါင်းတပ်များက ဖမ်းဆီးရမိသည်ဟု သိရသည်။

တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့် အပါအဝင် စကခ(၁)မှ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ကို  ဖမ်းဆီးရမိသည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

တပ်မ(၉၉)၏ တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင်သည် ဗိုလ်ချုပ်စိုးတင့် နေရာကို ၂၀၂၄ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့က အစားထိုး ဝင်ရောက်လာခြင်းဖြစ်ပြီး တိုင်းမှူးဟောင်းဖြစ်သည့် ဗိုလ်ချုပ်စိုးတင့်သည် လက်ရှိရာထူးဖြင့်ပင် လားရှိုး၌ သောင်တင်နေရာမှ နောက်ဆုံးတွင် ထွက်ပြေးရင်း တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။ 

အသစ်အစားထိုးကာ တိုင်းမှူးဖြစ်လာသည့်  ဗိုလ်မှူးချုပ် စိုးလှိုင်သည် လားရှိုးသို့ ရောက်ရှိလာခြင်းမရှိဘဲ မူဆယ်တွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။ 

 

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို   MNDAA က ဩဂုတ်လ (၃)ရက်နေ့ နေ့လယ် (၁၂) နာရီ မိနစ် (၂၀) တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကြေညာထားသည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ( Myanmar National Democratic Alliance Army - MNDAA) နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့က လားရှိုးမြို့ကို ထိုးစစ်ဆင်ပြီး တစ်လပြည့်ချိန်တွင် တိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် တိုင်းစစ်ဌာနချုပ် (၁၄)ခုရှိသည့် အနက် ရမခ(အရှေ့မြောက်တိုင်းစစ်ဌာနချုပ်)မှာ ပထမဆုံး လက်လွှတ်ဆုံးရှုံးရသည့် စစ်ဌာနချုပ် ဖြစ်လာခြင်းဖြစ်သည်။