သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယိ မြန်မာကိုလာမည်

သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယိ မြန်မာကိုလာမည်
သြဂုတ် 13, 2024 | 2021 Military Coup

မြန်မာနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိလာရောက်မည်ဖြစ်ပြီး သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် အပြုသဘောဆောင်သော ကူညီပေးအပ်မည်ဖြစ်ကြောင်း တရုတ်သံရုံးက ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၃)ရက်နေ့တွင် ထုတ်ပြန်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ယခုအကြိမ်ခရီးစဉ်သည် တရုတ်-မြန်မာ ကဏ္ဍအသီးသီးတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးသောသံယောဇဉ်ကို ခိုင်ခံ့စေကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာစေရေးကို မြှင့်တင်ရန်ဖြစ်သည်ဟု ဆိုသည်။

ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသည့် အခြေခံမူကို အမြဲတစေလိုက်နာကာ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အာမခံရေးတို့ကို အစဉ်အမြဲထောက်ခံသွား၍ မြန်မာနိုင်ငံ ဘက်အသီးသီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်း၌ နိုင်ငံရေးဆွေးနွေးခြင်းဖြင့် သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် အပြုသဘောဆောင်သော ကူညီမှုများ ပေးအပ်သွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီတို့သည် မည်သည့်အကြောင်းအရာများအား ဆွေးနွေးကြမည်ကို မသိရသေးပေ။

#TachileikNewsAgency