စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးနေမှုကြောင့် ခရီးသွား ပြည်သူများ ဘေးကင်းရေးအတွက် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးအား အသုံးမပြုကြရန် PDF က အသိပေး

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးနေမှုကြောင့် ခရီးသွား ပြည်သူများ ဘေးကင်းရေးအတွက် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးအား အသုံးမပြုကြရန် PDF က အသိပေး

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းသို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ခရီးသွားပြည်သူများ လုံခြုံရေးအတွက် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးအား သွားလာခွင့် ပိတ်ပင်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင် ၊ အမှတ် ( ၁ ) တပ်ရင်းက ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့တွင် အသိပေး ထားသည်။ 

တနင်္သာရီမြို့နယ်ရှိ မောတောင်နယ်စပ်မြို့သို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးလာရာ သိန်ခွန်းကျေးရွာအနီးတွင် မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုနှင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။

သိန်ခွန်းကျေးရွာအနီးရှိ စစ်ကြောင်းအား စစ်ကူများပေးပို့ရန်အတွက် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးရှိ ခရီးသွားပြည်သူများ၏ ကားများကို စစ်ကောင်စီမှ အသုံးပြုကာ ခရီးသွားကားများအား အကာအကွယ်ယူ၍ စစ်ရေးအကျိုးအမြတ်ရရှိအောင် လုပ်ဆောင်နေကြောင်း  မြိတ်ခရိုင် ၊ အမှတ် ( ၁ ) တပ်ရင်းက ဆိုသည်။

ထို့ကြောင့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲများအချိန်မရွေး ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရန် ခရီးသွားလာခြင်းကို တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အများပြည်သူ၏ လုံခြုံရေးကို ရှေးရှု၍ ထုတ်ပြန်ရခြင်းအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် ခရီးသွားလာခွင့်ပြုမည့်အချိန်အား ထပ်မံ အသိပေးသွားဖြစ်ကြောင်း မြိတ်ခရိုင် ၊ အမှတ် ( ၁ ) တပ်ရင်းက ထုတ်ပြန်ထားသည်။

မြိတ်ခရိုင်အတွင်းရှိ မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးအခြေအနေ အလွန်တင်းမာနေပြီး ၊ စစ်ကောင်စီသည် ၎င်းတို့ စစ်ကြောင်းထိုးလှုပ်ရှားနေသည့် နေရာတိုင်းတွင် အရပ်သားပြည်သူများအား အဓမ္မဖမ်းဆီးခြင်း ၊ ပေါ်တာဆွဲခြင်း ၊ အရပ်သားပြည်သူများကို အကာအကွယ်ယူ၍ စစ်ရေးလှုပ်ရှားခြင်း ၊ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေကြောင်း မြိတ်ခရိုင် ၊ အမှတ် ( ၁ ) တပ်ရင်းက အသိပေးထားသည်။