ဒီပဲယင်း ကြည်ရွာအရေးအခင်း ၂၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တန့်ဆည်မြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ဒီပဲယင်း ကြည်ရွာအရေးအခင်း ၂၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တန့်ဆည်မြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ယနေ့ ၂၀၂၄ခုနှစ် မေလ (၃၀) ရက်နေ့တွင်ကျရောက်သည့် ဒီပဲယင်း ကြည်ရွာအရေးအခင်း (၂၁) နှစ်ပြည့် အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် တန့်ဆည်မြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း ရေဦး PDF မှ သတင်းထုတ်ပြန်သည်။

တန့်ဆည်မြို့နယ် အက်တောရွာနှင့် သဲကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မေလ (၃၀) ရက်နေ့ နေ့လယ် (၁) နာရီခန့်တွင် Fixed-Wing Drone (၄) စီးဖြင့် ဗုံးသီး (၁၀) လုံးကြဲချ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသည့် ဘန်ကာများအနီးတွင် ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုအခြေအနေကို စုံစမ်းလျှက်ရှိကြောင်း ရေဦး PDF မှ ဆိုသည်။

ဗုံးသီးများ ကျရောက်ပေါက်ကွဲပြီးနောက် စစ်အုပ်စုမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှ ရေဦးမြို့နယ်အခြေစိုက် အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: ရွှေဘိုခရိုင်တပ်ရင်း-၁၄ / YEU PDF