Airbus ကုမ္ပဏီက စစ်အုပ်စုအား လေယာဥ်အသစ်များ ထပ်မံတင်ပို့ကာ စစ်ရာဇဝတ်မှုများကို ဆက်လက်အားပေးကူညီနေကြောင်း Justice For Myanmar ထုတ်ပြန်

Airbus ကုမ္ပဏီက စစ်အုပ်စုအား လေယာဥ်အသစ်များ ထပ်မံတင်ပို့ကာ စစ်ရာဇဝတ်မှုများကို ဆက်လက်အားပေးကူညီနေကြောင်း Justice For Myanmar ထုတ်ပြန်

စစ်အုပ်စုအား AVIC လေယာဉ်အသစ်များ ထပ်မံတင်ပို့ခြင်းအားဖြင့် Airbus ကုမ္ပဏီအနေဖြင့် စစ်ရာဇဝတ်မှုများကို ဆက်လက်အားပေးကူညီနေကြောင်း Justice For Myanmar က ထုတ်ပြန်ပြောဆိုသည်။

မြန်မာစစ်အုပ်စုသည် ဥရောပလေကြောင်းကုမ္ပဏီကြီး Airbus ၏ ရင်းနှီးမြှုပ်နှံထားသည့် မိတ်ဖက်ကုမ္ပဏီ Aviation Industry Corporation of China (AVIC) က ရောင်းချထောက်ပံ့ထားသည့် လေယာဉ်အသစ် (၈)စင်းအထိ ဝယ်ယူအသုံးပြုထားကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျင်းပခဲ့သည့် မြန်မာ့လေတပ်နှစ်ပတ်လည်နေ့ အခမ်းအနားအား စစ်အုပ်စု ထိန်းချုပ်ထားသည့်မီဒီယာများ၏ ဖော်ပြမှုအပေါ် ဆန်းစစ်သုံးသပ်မှုအရ အမှတ် (၁၄၁၃) အဖြစ် Hongdu K-8 အမျိုးအစား အပေါ့စားတိုက်ခိုက်ရေး လေယာဉ်တစ်စင်း၊ အမှတ် (၁၄၀၇၊ ၁၄၁၁၊ ၁၄၁၂ နှင့် ၁၄၁၃) တို့အပါအဝင် FTC-2000G အမျိုးအစား တိုက်ခိုက်ရေးလေယာဉ် အနည်းဆုံး ခြောက်စင်း၊ အမှတ် (၅၉၂၂) အဖြစ် Shaanxi Y-8 စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်း တို့ကို AVIC ထံမှ ဝယ်ယူအသုံးပြုခဲ့သည်ဟု ဆိုသည်။

အဆိုပါလေယာဉ်အမျိုးအစားများကို စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား၍ အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုလေ့ရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှု ထောင်ပေါင်းများစွာအတွင်း အရပ်သားပြည်သူပေါင်း အနည်းဆုံး (၁၇၄၉) ဦးကို သတ်ဖြတ်ခဲ့ပြီး၊ ထိုကျူးလွန်မှုများအတွက် စစ်အုပ်စုသည် အပြစ်ပေးအရေးယူခံရခြင်း လွတ်ကင်းလျက်ရှိကြောင်း JFM က ဆိုသည်။

AVIC လေယာဉ်အသစ်များ ထပ်မံတင်ပို့မှုများက ကုမ္ပဏီအနေဖြင့် စစ်အုပ်စု၏ ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများကို ဆက်လက်အားပေးကူညီနေသည်ကို ပြသနေပြီး ၊ AVIC တွင် Airbus ၏ ရင်းနှီးမြှုပ်နှံမှုသည် ကြီးလေးသည့် လူ့အခွင့်အရေးဆိုင်ရာသက်ရောက်မှုများရှိကြောင်း အထောက်အထားများနှင့် လူထုဝေဖန်ရှုတ်ချမှုများ မြင့်တက်လာနေသော်လည်း Airbus သည် မည်သည့်အမှားအယွင်းမျှ လုပ်ဆောင်ထားခြင်းမရှိသယောင် လူသိရှင်ကြား ငြင်းဆိုထားသည်ဟု ဆိုသည်။

 

Justice For Myanmar နှင့် Info Birmanie တို့၏ သုတေသနလေ့လာမှုတွင် Airbus နှင့် AVIC တို့ကို ဆက်နွှယ်ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံအပေါ် ကန့်သတ်ပိတ်ပင်မှုများ ချမှတ်ထားသည့် ဥရောပကောင်စီ ဆုံးဖြတ်ချက် အမှတ် ၄၀၁/၂၀၁၃ ရှိနေသော်လည်း AVIC သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အပါအဝင် မြန်မာစစ်အုပ်စုထံ လေယာဉ်အစင်းရေများစွာကို ပေးပို့ထားသည်ဟု ဆိုသည်။

ယင်းကြောင့် AVIC အား မြန်မာစစ်အုပ်စုထံ စစ်လေယာဉ်များ၊ စစ်လက်နက်များနှင့် လေယာဉ်ထိန်းသိမ်းပြုပြင်မွန်းမံရေးဝန်ဆောင်မှုများ ဆက်လက်ရောင်းချပေးအပ်နေမှုအား ရပ်တန့်စေရေးအတွက် Airbus အနေဖြင့် ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြုရန် တောင်းဆိုသည့် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့သည်ဟု ဆိုသည်။

မကြာသေးမီက သတင်းထုတ်ပြန်ချက်တွင် Airbus ကုမ္ပဏီသည် AVIC နှင့် ၎င်းတို့၏ ဆက်ဆံရေးကို “တရုတ်နိုင်ငံပိုင် အရပ်ဘက်လေကြောင်းလုပ်ငန်း၊ လေယာဉ်တည်ဆောက်ရေးလုပ်ငန်းနှင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီများအုပ်စု” ဟု ဖော်ပြခဲ့ပြီး၊ AviChina Industry & Technology Company Limited (AviChina) တွင် ၎င်းတို့အနေဖြင့် ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း အတည်ပြုခဲ့သဖြင့် Airbus အား AVIC ၏ အဓိကကုမ္ပဏီခွဲတစ်ခုတွင် အကြီးဆုံးနိုင်ငံတကာ ရှယ်ယာရှင်အဖြစ် ရှိစေခဲ့ကြောင်း JFM က ဆိုသည်။

Airbus အနေဖြင့် AVIC နှင့် ၎င်းတို့၏ ဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင်မှု၊ စီးပွားရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်မှုများသည် အရပ်ဘက်လေကြောင်းလုပ်ငန်းနှင့် ဝန်ဆောင်မှုများတွင်သာ အလုံးစုံ ဦးတည်ထားသည်ဖြစ်ကြောင်း ပြောဆိုသော်လည်း အထူးသဖြင့် စစ်ဘက် ထုတ်လုပ်ရေး လုပ်ငန်းများနှင့် အရပ်ဘက် သုတေသန ပေါင်းစပ်လုပ်ကိုင်ရေးအတွက် တရုတ်နိုင်ငံ၏ စစ်ဘက် - အရပ်ဘက် ပေါင်းစပ်ခြင်းမူဝါဒ ရှိနေသည်ဖြစ်ရာ AVIC ၏ စီးပွားရေးလုပ်ဆောင်ချက်များသည် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာထုတ်ကုန်များနှင့် ခွဲခြား၍ မရဟု ဆိုသည်။

ထိုအခြေအနေတွင် Airbus အနေဖြင့် AVIC နှင့် ၎င်းတို့၏ စီးပွားရေးကို အရပ်ဘက် လေကြောင်းလုပ်ငန်းအတွက်သာ ကန့်သတ်ထားရေးအတွက် မည်သို့အာမခံနိုင်မည်ကို တွေ့ရှိရခြင်း မရှိသည့်အပြင်၊ Airbus သည် ယင်းအခြေအနေကို သတိထားစောင့်ကြည့်ရေး အစီအစဉ်တွင် ထည့်သွင်းစဉ်းစားရန်ကိုပင် ပျက်ကွက်ခဲ့သည်ဟု ဆိုသည်။

AviChina တွင် ရှယ်ယာရှင်ဖြစ်သည့်အတွက် Airbus သည် ကုမ္ပဏီများအား ၎င်းတို့၏ စီးပွားရေး ဆက်သွယ်ဆောင်ရွက်မှုများတွင် အလုံးစုံလူ့အခွင့်အရေးဆိုင်ရာတင်ကြိုစိစစ်မှုများ လုပ်ဆောင်ရန် လိုအပ်သည့် နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးများအတွက် OECD လမ်းညွှန်ချက်များအပါအဝင် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို တာဝန်ခံလုပ်ဆောင်ရမည် ဖြစ်ကြောင်း JFM က အသိပေးသည်။

Airbus ၏ ရပ်တည်ချက်သည် မြန်မာနိုင်ငံသို့ AVIC ၏ စစ်ဘက်ကုန်စည်များ ပေးပို့မှုကြောင့် ဖြစ်စေခဲ့သည့် လူ့အခွင့်အရေးအန္တရာယ်များနှင့် ကျင့်ဝတ်ဆိုင်ရာစိုးရိမ်စရာများကြောင့် AviChina မှ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းခဲ့ကြသည့် နော်ဝေအချုပ်အခြာပင်စင်ရံပုံငွေအဖွဲ့၊ ထင်ရှားသော ဒက်ရှ်ရင်းနှီးမြှုပ်နှံသူများ၊ ပင်စင်ရံပုံငွေများအပါအဝင် အခြားသောအဖွဲ့အစည်း ရင်းနှီးမြှုပ်နှံသူများ၏ အရေးယူဆောင်ရွက်ချက်များနှင့် လုံးလုံးလျားလျား ဆန့်ကျင်ကွာခြားနေသည်ဟု ဆိုသည်။

AVIC နှင့် မိတ်ဖက်ဆောင်ရွက်မှုအပေါ် Airbus ၏ ကာကွယ်မှုသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကြောင့် ဖြစ်ပေါ်စေမည့် လူ့အခွင့်အရေးထိခိုက်နစ်နာမှုများအတွက် အန္တရာယ်ကို လျော့ချရန် ၎င်းတို့၏ ကတိကဝတ်အပေါ် စိုးရိမ်စရာမေးခွန်းများကို ဖြစ်ပေါ်စေကြောင်း JFM က ဆိုသည်။

ကျင့်ဝတ်ဆိုင်ရာတာဝန်မှန်သမျှအပေါ် Airbus ၏ လူသိရှင်ကြား ငြင်းဆန်မှုသည် မြန်မာနိုင်ငံနှင့် လန်ဒန်တို့မှ ဆန္ဒပြပွဲများအပါအဝင် တာဝန်ခံမှုအား တောင်းဆိုမှုများကို အရှိန်အဟုန်မြင့် စေခဲ့သည်သာမက ၊ ရာဇဝတ်အဖွဲ့အစည်းမြန်မာစစ်အုပ်စု ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို အားပေးကူညီသည့် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုအားလုံးကို အဆုံးသတ်ရေးအတွက် Justice For Myanmar နှင့် Info Birmanie တို့အပါအဝင် နိုင်ငံတကာနှင့် ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်း ပေါင်း ၃၀၀ ကျော်တို့မှ Airbus ၏ စီအီးအိုဖြစ်သူ Guillaume Faury ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်ဟု ဆိုသည်။

အဆိုပါအိတ်ဖွင့်ပေးစာတွင် Mr. Faury အား  AVIC၊ AviChina ကဲ့သို့သော တိုက်ရိုက်ဆက်နွှယ် ကုမ္ပဏီများနှင့် ဘဏ္ဍာငွေနှင့် မဟာဗျူဟာဆက်နွှယ်မှုများမှတဆင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုကြီးများကို အားပေးကူညီခြင်းမရှိစေရန် တာဝန်ယူရေး တောင်းဆိုခဲ့ကြောင်း သိရသည်။

Justice For Myanmar အဖွဲ့သည် စစ်ကောင်စီ၏ ရန်ပုံငွေနှင့် လက်နက်အရင်းအမြစ်များ၏ အချက်အလက်များကို စုံစမ်းဖော်ထုတ်နေပြီး ၊ ၎င်းတို့နှင့် ကမ္ဘာတစ်ဝန်းရှိ အခြားသောအဖွဲ့အစည်းများ၏ ကြိုးစားမှုကြောင့် စစ်ကောင်စီ၏ နိုင်ငံတကာနှင့်ချိတ်ဆက်လုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းများတွင် ဒေါ်လာသန်းပေါင်းများစွာကို ဆုံးရှုံးစေခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:ဒီဇင်ဘာလ ၁၅ ရက်နေ့က စစ်ကောင်စီ‌ လေတပ် ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တွေ့ရသည့် စစ်ခေါင်းဆောင်