အောင်မြေသာစံမြို့နယ်တွင် နယ်ထိန်းရဲတစ်ဦး ပစ်ခတ်ခံရ

အောင်မြေသာစံမြို့နယ်တွင် နယ်ထိန်းရဲတစ်ဦး ပစ်ခတ်ခံရ

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးကို ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့ ညနေပိုင်းက ပစ်ခတ်ခဲ့ကြောင်း Generation Z Power(Mandalay) မြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

အောင်မြေသာစံမြို့နယ် အမှတ်(၄)ရဲစခန်းတွင် တာဝန်ကျနေသည့် နယ်ထိန်းရဲ မိုးစန်းဦးဆိုသူကို ၇၉ လမ်းနှင့် လမ်း ၈၀ ကြား (၉)လမ်းတွင် နားထင်အား သေနတ်ဖြင့်တေ့ပစ်ခဲ့ခြင်းဖြစ်သဖြင့် သေဆုံးနိုင်ကြောင်း Generation Z Power(Mandalay)အဖွဲ့မှ တာဝန်ခံက Tachileik News Agency ကိုပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာပြီး ရမ်းသမ်းပစ်ခြင်းများပြုလုပ်ခဲ့ကာ အရပ်သား(၅)ဦးဝန်းကျင်ကိုလည်း ရိုက်နှက်ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

“အပြစ်မရှိတဲ့ပြည်သူကို အခုထိ လက်နက်နဲ့ လုပ်ချင်တိုင်းလုပ်ပြနေတာ။ လွန်ခဲ့တဲ့ နှစ်(၇၀)က အချိုးတွေပဲ။ ရဲတွေကိုတော့ အမြန်ဆုံး CDM ဝင်ကြပါလို့ပဲပြောချင်တယ်။ နောက် UGတွေ ဒီထက်ပိုအားပြန်ကောင်းလာကြမှာပါ။”ဟု Generation Z Power(Mandalay)အဖွဲ့မှ တာဝန်ခံက Tachileik News Agencyကိုပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၇)ရက်နေ့ကလည်း ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ (၁၉)လမ်း အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို  လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးကို Generation Z Power(Mandalay)က ပစ်ခတ်ခဲ့ရာ နောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency