အမေရိကန်က ငလျင်ဒဏ်သင့်ပြည်သူများအတွက် ဒေါ်လာ ၂ သန်းကူညီ 

အမေရိကန်က ငလျင်ဒဏ်သင့်ပြည်သူများအတွက် ဒေါ်လာ ၂ သန်းကူညီ 

ငလျင်ဒဏ်သင့် ဒေသများကို အမေရိကန်က မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးသည့် အဖွဲ့အစည်းများမှတဆင့် အမေရိကန်ဒေါ်လာ (၂)သန်း ကူညီပေးသွားမည်ဟု ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၃၀)ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်ကိုင်းငလျင်အတွက် အရေးပေါ်တုံ့ပြန်မှုအနေဖြင့် အမေရိကန် ဒေါ်လာ(၂)သန်းအထိ ပံ့ပိုးကူညီပေးအပ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)၏ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သည် အရေးပေါ် နားခိုစရာ၊ အစားအသောက်၊ ဆေးဝါးလိုအပ်ချက်နှင့် ရေရရှိနိုင်မှုအပါအဝင် ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများ၏ အပူတပြင်းလိုအပ်ချက်များကို သုံးသပ်ဖော်ထုတ်ရန် မြန်မာနိုင်ငံသို့ လာရောက်မည်ဟုလည်း သိရသည်။ 

ပျက်စီးဆုံးရှုံးမှုများမှ ပြန်လည်ထူထောင်ရန်ကြိုးပမ်းနေသော မြန်မာပြည်သူများနှင့်အတူ အမေရိကန်က ရပ်တည်နေပြီး အခက်အခဲကာလအတွင်း အသက်ဆုံးရှုံးမှုများနှင့် လမ်းပန်းဆက်သွယ်ရေး ပျက်စီးဆုံးရှုံးမှုများအတွက်လည်း အားလုံးနှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရသည်ဟု ထုတ်ပြန်ထားသည်။ 

မြန်မာနိုင်ငံတဝှမ်းလုံးနီးပါး ငလျင်ဒဏ်ကို ခံစားခဲ့ရပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် ရှမ်းတောင်တို့တွင် အပျက်အစီးများကာ လူထိခိုက်သေဆုံးမှုများနေသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ မန္တလေးတိုင်းအတွင်း အင်အားပြင်းငလျင်ဒဏ်ကြောင့် လူပေါင်း(၁၆၄၄)ဦး သေဆုံးပြီး (၃၄၀၈)ဦး ဒဏ်ရာရကာ (၁၃၉)ဦး ပျောက်ဆုံးနေသည်ဟု ဆိုသည်။

#TachileikNewsAgency

Photo:U.S. Embassy Rangoon