မြစ်သားမြို့နယ် ရှမ်းသူငယ်ကျေးရွာမှ စစ်မှုထမ်းစုဆောင်းနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

မြစ်သားမြို့နယ် ရှမ်းသူငယ်ကျေးရွာမှ စစ်မှုထမ်းစုဆောင်းနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရှမ်းသူငယ်ကျေးရွာမှ စစ်မှုထမ်းစုဆောင်းနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ် (K.R.A) ထံမှ သိရသည်။

မြစ်သားမြို့နယ် ချင်းရွာအုပ်စု ရှမ်းသူငယ်ကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဝင်းမောင်အား ယနေ့ ၂၀၂၄ခုနှစ် သြဂုတ်လ (၁) ရက်နေ့ နေ့လယ် (၁၂)နာရီဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“သူက စစ်မှုထမ်းစုဆောင်းတာရော၊ သတင်းပေးတာရော အကုန်လုပ်ပါတယ်၊ စစ်ကောင်စီက လက်လုပ်ပစ္စတို တစ်လက်လည်း တပ်ဆင်ပေးထားတယ် ၊ အဲ့ဒါကိုတော့ ပတ်ဝန်းကျင်အခြေအနေ မတည်ငြိမ်တာကြောင့် မသိမ်းဆည်းနိုင်ခဲ့ဘူး” ဟု ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ်မှ တာဝန်ရှိသူတဦးက Tachileik News Agency ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအား ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ် (K.R.A) နှင့် ကျောက်ဆည် (KDDF) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၉) ရက်နေ့ကလည်း တံတားဦးလေဆိပ်မှ ခဲယမ်းများတင်ဆောင်လာပြီး ကျောက်ဆည်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီကားအကြီးတစီးအား ကျောက်ဆည်သို့မရောက်ခင် (၂)မိုင်အကွာတွင် ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ် (K.R.A) နှင့် မဟာမိတ်များမှ ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency