နေပြည်တော်၊ ရန်ကုန်မြို့တော်၊ မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီများ၏ မြေအရောင်းအဝယ်ဆိုင်ရာ လုပ်ဆောင်ချက်များအားလုံး တရားဝင်မှု မရှိကြောင်းနှင့် ပြည်သူပိုင်အဖြစ် ပြန်လည်သိမ်းဆည်းမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ဇန်နဝါရီလ(၁၆)ရက်တွင် သတင်း ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ စည်ပင်သာယာရေးကော်မတီများသည် စည်ပင်သာယာ ပိုင်မြေများကို ရောင်းချခြင်း၊ ဂရံဖောက်ခြင်းများ စီစဉ်ဆောင်ရွက်နေခြင်းသည် နိုင်ငံပိုင်မြေ၏ မူလပိုင်ရှင်သည် နိုင်ငံတော်တွင်မှီတင်းနေထိုင်ကြသော နိုင်ငံသူနိုင်ငံသားများဖြစ်သည့်အတွက် အဆိုပါမြေများအား စီမံခန့်ခွဲ ရောင်းချပိုင်ခွင့်မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သတိပေးထားသည်။
နေပြည်တော်၊ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီများက မြေကွက်များရောင်းချခြင်း၊ ဂရံထုတ်ပေးခြင်းများသည် တရားဝင်မှု လုံးဝမရှိသော ဆောင်ရွက်ချက်သာဖြစ်၍ အဆိုပါမြေကွက်များကို ဝယ်ယူခြင်း၊ ဂရံထုတ်ယူခြင်း၊ တဆင့်ရောင်းချခြင်းများ မပြုလုပ်ကြရန် တားမြစ်လိုက်သည်။
ဒါ့အပြင် ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ်ပြန်လည်ရောက်ရှိသည့် အချိန်ကာလတွင် အဆိုပါ မြေများအား ပြည်သူပိုင်မြေအဖြစ် ပြန်လည် သိမ်းယူသွားမည်ဖြစ်ကာ ဝယ်ယူသူများ၊ ရောင်းချသူများနှင့်တကွ ပူးပေါင်းဆောင်ရွက်သူများအားလုံးကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေးထား သည်။