ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဥူးဇင်းတစ်ပါးနှင့် အရပ်သား ၅ ဦးသေဆုံး

ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဥူးဇင်းတစ်ပါးနှင့် အရပ်သား ၅ ဦးသေဆုံး
နိုဝင်ဘာ 9, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်အား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွှေဂူတောင်ဘုန်းတော်ကြီးကျောင်းထိမှန်ပြီး ဉူးဇင်းတစ်ပါးနှင့် အရပ်သား(၅)ဦး ထိမှန်သေဆုံးခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ထံမှ သိရသည်။

ထီးချိုင့်မြို့ပေါ်တွင် တပ်စွဲထားသည့် စစ်တပ်များကို ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များက တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဥူးဇင်းတစ်ပါးနဲ့ ပြည်သူ(၅)ယောက် သေဆုံးတယ်။ အပျက်စီးကတော့ ရွှေဂူတောင်ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးသွားပြီး ထီးချိုင့်-ဇီးကုန်း လမ်းပိုင်းကတော့ လုံးဝပျက်စီးသွားတယ်။”ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

ထီးချိုင့်မြို့ပေါ်ရပ်ကွက်(၂) ဥယျာဥ်ကုန်းရပ်ကွက် ဘောလုံးကွင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဘောလုံးကွင်းထောင့်ရှိ အရပ်သားအမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရက္ခိုင့်တပ်တော်(AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် ပြည်သူ့ကာကွယ်ရေး PDF မဟာမိတ်ပူးပေါင်းအဖွဲ့များက ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်‌ကြောင်း သိရသည်။

#TachileikNewsAgency