မလည်ရွာ စစ်ကောင်စီစခန်းတိုက်ပွဲ နှစ်ဘက်ကျဆုံးသူများ

မလည်ရွာ စစ်ကောင်စီစခန်းတိုက်ပွဲ နှစ်ဘက်ကျဆုံးသူများ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မလည်ရွာရှိ စစ်ကောင်စီ၊ ရဲ နှင့် ပျူစောထီးအဖွဲ့ အခြေချစခန်းအား တော်လှန်ရေးတပ်များက ၂၀၂၄ ခုနှစ် မေလ(၇)ရက်နေ့က ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဘက်အကျအဆုံးများပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသထံမှ သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၆)ဦးသေပြီး လက်လုပ်သေနတ်အပါ လက်နက်ငယ် (၁၄)လက်၊ ကျည်မျိုးစုံ (၇၀၀)ကျော်၊ ကျည်အိမ် (၁၁)ခု၊ လက်ပစ်ဗုံး (၁)လုံး၊ အီနာဂါ (၆)လုံး၊ Jammer (၁)ခု၊  Equipment (၄)ခု၊ Uniform (၃)စုံနှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။



 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တတက(၁၃)မှ လက်နက်ကြီးဖြင့် ဗုံးအလုံး (၆၀)ကျော် ပစ်ခတ်ခဲ့ပြီး ပြင်ဦးလွင်(အနီးစခန်း)မှ Mi-35 (၁) စီးဖြင့် လေကြောင်းပစ်ခတ်မှု (၁၀)ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် Jet Fighter (၁)စီးဖြင့် (၄)ကြိမ်ဗုံးကြဲ တိုက်ခိုက်ပြီး Y-12 ဖြင့် ဗုံးအလုံး (၆၀)ကျော် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာရွာရှိ စစ်ကောင်စီ အင်အား (၇၀)ခန့်မှလည်း  ကျောက်လုံးကြီးရွာသို့ ရေလမ်းကြောင်းဖြင့် လာရောက်ပြီး စစ်ကူပေးခဲ့သဖြင့် တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် (၁၀)ဦး ကျဆုံးကာ အရပ်သား (၁)ဦး သေဆုံးပြီး (၁၇) ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် တပ်ရင်း (၂၊ ၃)၊ ရွှေဘိုခရိုင် တပ်ရင်း-၃နှင့် အမှတ် (၅၁၀)တပ်ရင်းတို့က လုပ်ဆောင်ခဲ့ပြီး ကန့်ဘလူမြို့နယ် ပကဖနှင့် ခင်ဦးမြို့နယ် ပလဖ တို့မှ ထောက်ပို့နှင့် ဖြတ်တောက်ရေး ပါဝင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: အမှတ်(၁) စစ်ဒေသ