သံတွဲအကျဥ်းထောင်မှ ကယ်ထုတ်လာသည့် နိုင်ကျဥ်း ၄၀ ကျော်ကို နေရပ်ပြန်ပို့ပြီဟု AA ထုတ်ပြန် 

သံတွဲအကျဥ်းထောင်မှ ကယ်ထုတ်လာသည့် နိုင်ကျဥ်း ၄၀ ကျော်ကို နေရပ်ပြန်ပို့ပြီဟု AA ထုတ်ပြန် 

ရခိုင်ပြည်နယ် သံတွဲအကျဥ်းထောင်အတွင်း ဖမ်းဆီးခံထားရသည့် အကျဥ်းသား(၃၇၂)ဦးကို ဘေးလွတ်ရာ ကယ်ထုတ်ပြီးနောက် မိသားစုနှင့် နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးထားကြောင်း အာရက္ခတပ်တော် (AA)က ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၈)ရက်နေ့တွင် ထုတ်ပြန်သည်။

သံတွဲမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံး၊ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာအများစုတို့အား အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင် (၁၆)ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိပြီးနောက် သံတွဲမြို့အကျဉ်းထောင်တွင် ပိတ်မိနေသော အကျဉ်းသားများအားလုံး (၃၇၂)ဦးကို အာရက္ခတပ်တော်မှ ဘေးကင်းလုံခြုံရာသို့ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

သံတွဲအကျဉ်းထောင်ထဲမှ အကျဉ်းသား စုစုပေါင်း (၃၇၂) ဦးအနက် (၇)ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးစထိမှန်ပြီး (၅) ဦးသေဆုံးခဲ့ကာ ကျန် (၂)ဦးသည်လည်း ပြင်းထန်သောဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားသည်ဟု သိရသည်။ 

ကယ်ထုတ်လာခဲ့သော အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား (၄၃)ဦးပါဝင်ပြီး ထိုအထဲမှ (၂)ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း အသက်ဆုံးရှုံးသွားခဲ့ရသည်ဟု ဆိုသည်။ 

ကျန်နိုင်ငံရေးအကျဉ်းသား (၄၁)ဦးထဲတွင် ရောဂါ၊ ဒဏ်ရာဖြင့်ပါလာသူများနှင့် ကျန်းမာရေးစောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေသောသူ (၁၇) ဦးတို့ကို ကောင်းမွန်စွာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ဟုလည်း ဆိုသည်။ 

ယခင်ရက်များက စစ်ကာင်စီသည် ပင်လယ်ပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းအပြင် လက်နက်ဖြင့် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား လိုက်လံရှင်းလင်းနေရခြင်းနှင့် ရေကြီးနေမှုများကြောင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ဘေးကင်းလုံခြုံရာတွင် ခေတ္တနေရာချထားခဲ့ရသည်ဟု သိရသည်။ 

ယခုတွင် လုံခြုံရေးအာမခံချက် အတိုင်းအတာတစ်ခုထိရှိပြီဖြစ်သောကြောင့် ၎င်းနိုင်ငံရေးအကျဉ်းသားများအားလုံးကို ၎င်းတို့၏ နေအိမ်များနှင့် မိသားစုများထံသို့ ဩဂုတ်လ (၆)ရက်နေ့မှစတင်ပြီး ပြန်လည်ပို့ဆောင်ပေးနေပြီဖြစ်သည်ဟု သိရသည်။ 

အဆိုပါ အကျဉ်းသား (၄၁)ဦးအား AA ၏ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူများမှ အချက်အလက်များ ကောက်ယူစိစစ်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများအရ လိုအပ်သည့် ကျန်းမာ‌ရေးစောင့်ရှောက်မှုများနှင့် အရေးပေါ် လိုအပ်လျက်ရှိသော စားဝတ်နေရေး ထောက်ပံ့ကူညီမှုများကိုလည်း လုပ်ဆောင်ပေးခဲ့သည်ဟု သိရသည်။ 

ရာဇဝတ်မှုကျုးလွန်ထားသော အကျဉ်းသားများအား ဆက်လက် ထိန်းသိမ်းထားပြီး ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများကို ပြန်လည်စစ်ဆေး၍ တရားနည်းလမ်းကျကျ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: AA Info Desk