လားရှိုးမြို့ အမှတ် ၁ ရဲစခန်းကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု ဈေးတန်းလျားပျက်စီး

လားရှိုးမြို့ အမှတ် ၁ ရဲစခန်းကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု ဈေးတန်းလျားပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ အမှတ်(၁) ရဲစခန်းကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့ ညနေ(၃)နာရီကျော်တွင် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲစခန်းအနီးရှိ ဈေးဆိုင်တန်းလျား ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက်ပိုင်တွင် လားရှိုးမြို့အဝင်ဆိုင်းဘုတ်အနီးရှိ ရိုးရာဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားပြီးနောက် တစ်နေကုန် လေယာဉ်ပျံဝဲနေကာ ညနေပိုင်းတွင် လားရှိုးမြို့ရှိ အမှတ်(၁)ရဲစခန်းကို ထပ်မံဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒုတိယ အကြိမ်တိုက်ခိုက်မှုပေါ့ ရဲစခန်းကိုကျ။ (၃)လုံးတွဲ ဗုံးကြဲချတာ။ ရဲစခန်းထဲက အချုပ်သား (၂)ယောက်သေတယ်လို့တော့ ပြောတယ်။ ကျွန်တော်တို့လည်း အထဲမဝင်ရတော့ သေချာမသိရဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီသည် ၂၀၂၄ခုနှစ် ဩဂုတ်လမှစတင်ပြီး လားရှိုးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ (၂၀)ကျော်ရှိလာပြီး အရပ်သားထိခိုက်သေဆုံးသူ (၁၀၀)ဝန်းကျင်ရှိကာ နေအိမ်များ၊ ဟိုတယ်၊ ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများကို ပစ်မှတ်ထား တိုက်ခိုက်ကြောင်း MNDAA ဘက်က ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo:CJ