စစ်ကောင်စီတပ်သားများ  သက်သာချောင်ချိရေးလုပ်ရန်  အာဏာသိမ်း စစ်ခေါင်းဆောင် ပြောဆို

စစ်ကောင်စီတပ်သားများ  သက်သာချောင်ချိရေးလုပ်ရန်  အာဏာသိမ်း စစ်ခေါင်းဆောင် ပြောဆို

 တပ်မတော်သားများ သက်သာချောင်ချိရေးလုပ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် က နေပြည်တော် တောင်ညိုတပ်နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် တပ်မတော်ရုပ်မြင် သံ ကြားထုတ်လွှင့်ရေးတပ်(တောင်ညို)တွင် ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့က ပြောသည်။

သက်သာချောင်ချိရေးနှင့်ပတ်သက်၍ စစ်တပ်ကဖြည့်ဆည်း ဆောင်ရွက်ပေးသည့် သက်သာချောင်ချိမှုရှိ သကဲ့သို့ တစ်ဦးချင်းအလိုက် မလိုလားအပ်သည့် အသောက်အစား အပျော်အပါးများကို လျှော့ချခြင်းဖြင့် လည်း ငွေကြေးကုန်ကျမှုများကို ထိန်းသိမ်းနိုင်မည်ဖြစ်ကာ သက်သာချောင်ချိမှုကို ဖော်ဆောင်နိုင်မည် ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

“မိမိတို့ဝင်ငွေနှင့် ထွက်ငွေမျှတမှုရှိစေရေး အသုံးနှင့်အဖြုန်းကို ခွဲခြားသိရှိကြစေလိုပြီး သက်သာ ချောင်ချိရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ပေးထားပြီး တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း၊ စီမံခန့်ခွဲသည့် ခေါင်းဆောင်အသီးသီးမှ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် လက်အောက်မှလည်း စနစ်တကျလိုက်နာဆောင် ရွက်ရန်လိုကြောင်း”ဟု စစ်ခေါင်းဆောင်က ပြောသည်။

စစ်ကောင်စီတပ်သားများအား သက်သာချောင်ချိရေးလုပ်ရန်ပြောသည့် စစ်ခေါင်းဆောင် မိသားစုတွင် စီးပွားရေးလုပ်ငန်းများစွာကို လက်ဝါးကြီးအုပ်ထားပြီး နိုင်ငံစီးပွားရေးများပင် ပါဝင်နေသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ၎င်း၏ ဇနီး ကြူကြူလှတို့သည်  ပြည်တွင်းဖြစ်ထက်  ဈေးအကြီးဆုံး နိုင်ငံခြား ထုတ်ကုန် နာမည်ကြီး အမှတ်တံဆိပ် အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများကိုသာ သုံးဆောင် ဝတ်ဆင်သည်ကို တွေ့ရသည်။

 ၎င်း၏ ဇနီး ကြူကြူလှသည် ဈေးအကြီးဆုံးအနေဖြင့် အမေရိကန်ဒေါ်လာ (၄၀,၀၀၀)ဝန်းကျင် တန်ဖိုးရှိသည့် Hermès အမှတ်တံဆိပ် လက်ကိုင်အိတ် ဝယ်ယူအသုံးပြုသည်ကို တွေ့ရသလို ၎င်းအနေဖြင့်လည်း ဈေးအကြီးဆုံး လက်ပတ်နာရီ နှင့် အဝတ်အထည့်များ ဝယ်ယူ ဝတ်ဆင်နေသော်လည်း ၎င်း၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များကို ချွေတာခိုင်းနေသည်။



 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ယူထားသူသည် ၂၀၁၄ခုနှစ်အထိ တစ်လလျှင် လစာ ကျပ်(၁၂)သိန်း ရရှိခြင်း ဖြစ်ပြီး ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်ကစပြီး ၂၀၂၀ခုနှစ်အထိ ကျပ်သိန်း(၃၀)ကျော်အထိ တိုးမြှင့်လာခဲ့သော်လည်း ၎င်းအာဏာသိမ်းပြီး ကာလအတွင်း လစာတိုးယူခြင်း ရှိ မရှိကိုတော့ မသိရသေးပေ။