တနင်္သာရီတိုင်းတွင် တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ဖွဲ့စည်းပုံပျက်ကာ ထွက်ပြေး

တနင်္သာရီတိုင်းတွင် တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ဖွဲ့စည်းပုံပျက်ကာ ထွက်ပြေး

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်ကြားရှိ စစ်ကောင်စီတပ်၏ ပွိုင့် ၁၀၂၀ တောင်ကုန်း အခြေစိုက်စခန်းအား တော်လှန်ရေးတပ်များက ပိတ်ဆို့တိုက်ခိုက်‌နေရာ စစ်ကူလာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများကို တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 

ကောင်စီတပ်၏ ပွိုင့် ၁၀၂၀ တောင်ကုန်း အခြေစိုက်စခန်းအား တော်လှန်ရေးတပ်များက ၂၀၂၄ ခုနှစ် ဧပြီလ (၃၀)ရက်နေ့ကစတင်ပြီး ပိတ်ဆို့တိုက်ခိုက်နေရာ စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်များအား တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် ဖွဲ့စည်းပုံပျက်ပြီး စစ်ကောင်စီတပ်သားများ ဆုတ်ခွာထွက်ပြေးသွားသည်ဟု Black Cobra Column က ယနေ့ ၂၀၂၄ခုနှစ် မေလ(၉) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

တိုက်ပွဲအတွင်းသို့ စစ်ကောင်စီတပ်က လေကြောင်းလက်နက်ကြီး ပစ်ကူများပေးခဲ့သော်လည်း စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟုသိရသည်။

ဧပြီလ (၃၀)ရက်နေ့မှ မေလ(၆)ရက်နေ့အထိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် အများအပြား ပျောက်ဆုံးနေကာ ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ခရီးသည်တင်လှေဖြင့် တောင်ငယ်ကျေးရွာမှ ဘုတ်ပြင်းမြိုနယ်သို့ ပို့ဆောင်ထားသည်ဟု သိရသည်။ 

စစ်ကောင်စီတပ်သည် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြုပြီး စစ်ရေးပစ်မှတ်မဟုတ်သော အေးသာယာကျေးရွာ၊ ရွာသာယာကျေးရွာနှင့် ငနိုးရုံးကျေးရွာများကိုလည်း မေလ(၂)ရက်နေ့မှ (၅)ရက်နေ့အထိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: BLACK COBRA Column