ကျားဖြန့်လုပ်ငန်းတွင် ပါဝင်သည့် လူ(၃၀၀)ဦးကျော်ကို ထိုင်းဘက်သို ပြန်ပို့ရန် အဆင်သင့်ဖြစ်နေသော်လည်း စစ်ကောင်စီဘက်က လာရောက်ခေါ်ဆောင်ခြင်းမရှိကြောင်း ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)ထံမှ သိရသည်။
DKBA ထိန်းချုပ်ဒေသ ကျောက်ခက်ရှိ ကျားဖြန့်လုပ်ငန်းများမှ ထပ်မံဖမ်းဆီးရမိသည့် နိုင်ငံခြားသား (၃၀၀)ဦးကျော်ကို ထိုင်းနိုင်ငံသို့ ပြန်ပို့ရန် အဆင်သင့်ဖြစ်နေသော်လည်း စစ်ကောင်စီဘက်က လာရောက်ခေါ်ဆောင်ခြင်းမရှိ၍ အခက်အခဲဖြစ်နေရသည်ဟု ဆိုသည်။
“အစိုးရက လာမယူဘူးလေ အခု။ သူတို့မအားသေးဘူးတဲ့။ အဆင်သင့်မဖြစ်သေးဘူးပေါ့လေ။ မယူဘူးတော့ မဟုတ်ဘူး။ ယူမယ် စောင့်နေပေါ့လေ။ အခုက ခေါ်လာပြီးတော့ လူတွေက အုံနေတော့ အိမ်သာလည်းမလောက် ၊ ရေချိုးခန်းလည်းမလောက် ဒုက္ခရောက်နေကြရတယ်။”ဟု DKBA အမှတ်(၁) စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုင်းကျော်လှက Tachileik News Agency ကိုပြောသည်။
ထို့ကြောင့် ကျားဖြန့်လုပ်ငန်းများထံ လူကုန်ကူးခံရသူများအား ရှာဖွေခြင်းအစီအစဉ်အား ခတ္တရပ်နားထားရပြီး ပြန်ပို့ရန် အဆင်သင့်ပြင်ထားသည့် လူဦးရေ(၃၀၀)ကျော်အတွက် နေထိုင်စားသောက်ရေးကို ပြင်ဆင်ပေးနေရသည်ဟု ဆိုသည်။
“အခုသွားရှာတဲ့သူတွေကိုပါ ဘရိတ်အုပ်ထားရတယ်။ နေဦး သွားမရှာနဲ့ဦးလို့ နေစရာမရှိဘူး။ ဒုက္ခရောက်နေရတယ်။ အခု ကျွန်တော် ဂိုဒေါင်နားမှာပဲ ထားရတယ်။ (၃၀၀)ဦးကျော်ထဲမှာ လူမဲတွေများတယ်။ ထိုင်းက တရုတ် ဆိုရင်တော့ အမြန်ဆုံးနည်းနဲ့ လုပ်ပေးလို့ရတယ်။ လူမဲတော့ မယူလာနဲ့ဦးတဲ့ ထိုင်းဘက်က။ အခုကျတော့ သူတို့ပါ ဒုက္ခရောက်နေကြပြီ။”ဟု ဗိုလ်မှူးချုပ် စိုင်းကျော်လှက ဆက်ပြောသည်။
စစ်ကောင်စီသည် ကရင်နယ်ခြားစောင့်တပ်(BGF)ဌာနချုပ် ရွှေကုက္ကိုလ်ဘက်တွင် ကျားဖြန့်ကိစ္စနှင့် အလုပ်ရှုပ်နေသဖြင့် DKBA ထိန်းချုပ်နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများထံ လူကုန်ကူးခံရသူများအား လှည့်မကြည့်နိုင်သည့် အခြေအနေဆိုက်ရောက်နေသည်ဟု ၄င်းကဆိုသည်။
“အခု (၃၀၀)ဦးကျော်ပြန်ပို့မှာဆိုပေမယ့် ကျားဖြန့်လုပ်ငန်းဆီ လူကုန်ကူးခံရသူတွေ မကုန်သေးဘူး။ ပြန်ပို့တာ အဆင်မပြေသေးလို့ ရပ်ထားတာ။ ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်တယ်။ ဒါပေမယ့် သူများလာမယူတော့ ဒုက္ခရောက်တယ်။ ရှာကျွေးနေရတယ်လေ။ ထမင်းကျွေးတာ ပြဿနာမရှိဘူး။ နေစရာတွေ ကြပ်တယ်လေ။”ဟု ဗိုလ်မှူးချုပ် စိုင်းကျော်လှက ဆက်ပြောသည်။
DKBA အနေဖြင့် ၎င်းတို့ထိန်းချုပ်နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများကို အပြီးပြတ်ချေမှုန်းတော့မည်ဖြစ်ပြီး ယခုကဲ့သို့ ကျားဖြန့်လုပ်ငန်းများထံ လူကုန်ကူးခံရသူများမှာ ထောင်ကျ၍ နှိပ်စက်ခံရခြင်းနှင့်တူနေသည်ဟုလည်း ၄င်းက ဆိုသည်။
“ငါတို့ကတော့ တရုတ်လာနေမယ်။ အဆောက်အဦး သူ့ဘာသာ လုပ်မယ်ဆိုတော့ Good တယ်လို့ထင်တာပေါ့။ အမလေး ထမင်းတောင် မစားရဲတော့ဘူး။ ဒီပိုက်ဆံတွေရရင်။ သူတို့က လူမိုက်ပဲ။ လူတွေကို ရက်ရက်စက်စက်နဲ့ ပိုက်ဆံမရှာပေးရင် ဒုက္ခပေးတယ်။”ဟု ဗိုလ်မှူးချုပ် စိုင်းကျော်လှက ပြောသည်။
လူကုန်ကူးသူများနှင့် နှိပ်စက်သူများအား DKBA အနေဖြင့် ဖမ်းဆီးအရေးယူသွားမည်ဖြစ်ပြီး လက်ရှိတွင် လူကုန်ကူးခံရသူများကို အရင်ဆုံးပြန်လည်ပို့ဆောင်ပေးမည်ဟု ဆိုသည်။
DKBA က ၎င်းတို့၏ ထိန်းချုပ်ရာဒေသတွင်းရှိ ကျားဖြန့်လုပ်ငန်းများမှ ရှာဖွေပြီး ထိုင်းနိုင်ငံသို့ နိုင်ငံခြားသား (၂၆၀)ဦးကို ဖေဖော်ဝါရီလ(၁၂)ရက်နေ့ညနေပိုင်းက လွှဲပြောင်းပေးလိုက်သည်။
အဆိုပါ လူကုန်ကူးခံရသူများကို ထိုင်းနိုင်ငံ တာ့ခရိုင် ဖုတ်ဖရမြို့သို့ မြ၀တီမြို့နယ် ကျောက်ခက်ကျေးရွာရှိ လှေဆိပ်မှတဆင့် သောင်းရင်းမြစ်ကမ်းကိုဖြတ်ကာ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။
ကျားဖြန့်လုပ်ငန်းနှင့်ပါတ်သက်၍ မြန်မာ-ထိုင်း နယ်စပ်ဒေသတလျှောက် လျှပ်စစ်မီးနှင့် စက်သုံးဆီများအား ထိုင်းဘက်က ဖြတ်တောက်လိုက်ပြီးနောက် DKBA က ၎င်းတို့ထိန်းချုပ်နယ် ဘုရားသုံးဆူနှင့် ကျောက်ခက်ဒေသများတွင် ကျားဖြန့်လုပ်ငန်းများ မရှိစေရေးလုပ်ဆောင်မည်ဟု အသိပေးပြီးနောက် ဖမ်းဆီးခြင်းများ စတင်လာခြင်းဖြစ်သည်။
#TachileikNewsAgency
Photo:ကျောက်ခက်ရှိ ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံရသူများကို DKBA က ဖေဖော်ဝါရီလ ၁၂ရက်နေ့က ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးခဲ့စဥ်