ရေတာရှည်မြို့နယ်အတွင်း တိုက်ပွဲတွင် အာဏာသိမ်းစစ်အုပ်စုဘက်က  ပိုးဆိုးပက်စက် သေဆုံး၊ လက်နက်များနှင့် ဒေသခံများထံမှ ဓားပြတိုက်လာသည့် လက်ဝတ်ရတနာများကို PDF က သိမ်းဆည်းရရှိ

Photo: တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် - ၃၅၀၁
Photo: တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် - ၃၅၀၁
ရေတာရှည်မြို့နယ်အတွင်း တိုက်ပွဲတွင် အာဏာသိမ်းစစ်အုပ်စုဘက်က  ပိုးဆိုးပက်စက် သေဆုံး၊ လက်နက်များနှင့် ဒေသခံများထံမှ ဓားပြတိုက်လာသည့် လက်ဝတ်ရတနာများကို PDF က သိမ်းဆည်းရရှိ
ဖေဖော်ဝါရီ 19, 2023 | 2021 Military Coup| အခြားဒေသများ

 ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဇရစ်ရိုးကုန်းကျေးရွာနှင့် ရေတာ ရှည်မြို့နယ်၊ ပိန်းသီလာကျေးရွာ အနောက်ဘက် စစ်တောင်းမြစ်ဘေးတွင် အာဏာသိမ်းစစ်အုပ်စုနှင့် တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က အများအပြားသေပြီး လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ တပ်ရင်းအမှတ် - ၃၅၀၁  က ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အာဏာသိမ်းစစ်အုပ်စုကို ပဲခူးတိုင်း၊ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄၊ တပ်ခွဲ ၆ ပူးပေါင်းတပ်ဖွဲ့တို့က ဖေဖော်ဝါရီလ ၁၆ ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများနှင့် ဒေသခံ များ၏ နေအိမ်များမှ ဓားပြတိုက်ခိုးယူလာသော ရွေငွေလက်ဝတ်ရတနာအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

စစ်အုပ်စုထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများမှာ MA3  (၄)လက်၊ MA11  (၂)လက်၊ MA2  (၁)လက်၊ ကျည်ဘောက်  (၁၈) ခု၊ ကျည်  (၅၂၀) တောင့်၊ (၆၀)မမဗုံးသီး (၂)လုံး နှင့် ရိက္ခာအများအပြားတို့ဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် လက်ကောက် (၂)ကွင်း၊ ဆွဲကြိုး (၁)ကုံး၊ လက်စွပ်(၁) ကွင်း၊ ဖုန်း(၃)လုံးတို့ကိုပါ ထပ်မံသိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

သိမ်းဆည်းရရှိသော လက်ဝတ်ရတနာများနှင့် အသုံးအဆောင်ပစ္စည်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မူလပိုင်ရှင်များထံ အတိအကျ ပြန်လည်အပ်နှံနိုင်ရန် ဆောင်ရွက်နေသည်ဟု သိရသည်။

ပြီးခဲ့သည့်  ဖေဖော်ဝါရီလ(၇)ရက်၊ (၈)ရက်၊ (၁၂)ရက်နှင့် (၁၄)ရက်နေ့များကလည်း  တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ(၄) တပ် ခွဲ(၆) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်အုပ်စုတို့ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

ယင်းတိုက်ပွဲတွင် စစ်အုပ်စုဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု၊ ဖမ်းဆီးနှိပ်စက်မှုများကြောင့် အပြစ်မဲ့ပြည်သူ (၂)ဦး သေဆုံးခဲ့ရပြီး (၂)ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ ဒေသခံများ၏နေအိမ်များနှင့် မြစ်ကူးတံတားများအား မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။