ခိုးဆိုးလုယက်၊ ဓါးပြတိုက်မှုများနှင့် အိပ်ချင်ယောင်ဆောင်နေသော တာချီလိတ်ရဲတပ်ဖွဲ့

ခိုးဆိုးလုယက်၊ ဓါးပြတိုက်မှုများနှင့် အိပ်ချင်ယောင်ဆောင်နေသော တာချီလိတ်ရဲတပ်ဖွဲ့

◮ တာချီလိတ်မြို့ရဲ့ ပကတိ အခြေအနေ

၂၀၂၂ခုနှစ်အလွန်တွင် မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ခိုးဆိုးလုယက်မှုများမှာ နေ့စဉ် နေ့ရော ညပါ ဖြစ်ပွားနေပြီး ယခု ၂၀၂၅ခုနှစ်တွင် ခိုးဆိုးလုယက်သူများမှာ လမ်းကြိုလမ်းကြားများတွင် လူသူပြတ်လပ်ချိန်များကို စောင့်ပြီး လာသမျှ ဆိုင်ကယ်များကို အသက်အန္တရာယ် ခြိမ်းခြောက်ကာ လုယက်သည်အထိ ပိုမို အတင့်ရဲလာနေသည်ကို တွေ့ရသည်။

တာချီလိတ်ဒေသအတွင်း လေ့လာစောင့်ကြည့်မှုများအရ ၂၀၂၁ခုနှစ်၏ နှစ်ကုန်ပိုင်းကစပြီး ခိုးဆိုးလုယက်မှုများမှာ တစတစဖြင့် ပိုမိုမြင့်တက်လာနေခြင်း ဖြစ်သော်လည်း ၂၀၂၃ နှစ်လယ်မှ ၂၀၂၄ခုနှစ်ကစပြီး ၂၀၂၅ခုနှစ်အထိ ပို၍ ပို၍ ဆိုးရွားလာနေသည်။

ပြီးခဲ့သည့် နှစ်များက ခိုးဆိုးလုယက်သူများမှာ ဆိုင်ကယ်များဖြင့် လမ်းတကာ ပတ်သွားကာ ယာဉ်သွား အချို့ လမ်းကြားများတွင် ယာဉ်လာနည်းပါးပြီး ဆိုင်ကယ်တစ်စီးတစ်လေ မောင်းလာပါက အခွင့်ကောင်းပြီး လုယက်လေ့ရှိသော်လည်း ယခုအခါတွင် တုတ်၊ ဓါး လက်နက်များ ကိုင်ဆောင်ပြီး လမ်းကြားများတွင် အသင့်စောင့်ဆိုင်းကာ လုယက်သည်အထိ အတင့်ရဲလာသည်မှာ ငြိမ်နေသည့် တာချီလိတ်ရဲတပ်ဖွဲ့၏ ဒေသတွင်း ဒုစရိုက်နှိမ်နင်းမှုလုပ်ငန်း ဆောင်ရွက်ခြင်း ရှိ မရှိကို  မီးမှောင်းထိုးပြနေခြင်း ဖြစ်နေသည်။

 ◮ တာချီလိတ်ရဲတပ်ဖွဲ့ အင်အား

တာချီလိတ်မြို့နယ်တစ်ခုလုံးအနေဖြင့် တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့(၃)မြို့ပေါင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး နှင့် မြို့မရဲစခန်း အပါအဝင် ရဲစခန်း စုစုပေါင်း (၉)ခုသာရှိပြီး တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့(၃)မြို့ပေါင်းဖြစ်သည်။

စခန်း(၉)ခုကို တိတိကျကျ ဖော်ပြရလျှင် တာချီလိတ်မြို့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်း၊ ဟောင်လိတ်နယ်မြေရဲစခန်း၊ ဝမ်ပုံနယ်မြေရဲစခန်း၊ တာလေ နှင့် ကျိုင်းလပ်မြို့တို့တွင် တာလေနယ်မြေရဲစခန်း၊ မိုင်းလင်းနယ်မြေရဲစခန်း၊ ကျိုင်းလပ်နယ်မြေရဲစခန်း၊ မိုင်းပါလျှိုးနယ်မြေရဲစခန်း နှင့် မဲခေါင်ရဲကင်းစခန်းတို့ရှိရာ ကျိုင်းလပ်မြို့ရှိ မဲခေါင်ရဲကင်းစခန်းမှာ အမည်သာရှိထားခြင်း ဖြစ်သည်။



မြို့နယ်တစ်ခုလုံး၏ တပ်ဖွဲ့ အင်အားအနေဖြင့် အရာရှိ(၅၀)ဝန်းကျင်နှင့် အခြားအဆင့် (၁၈၀)ကျော်အပါအဝင် စုစုပေါင်း (၂၃၀)ကျော်သာရှိပြီး ရဲတပ်ဖွဲရုံးနှင့်စခန်း အပါအဝင် (၉)ခုအနက် မြို့မရဲစခန်းတွင် အင်အား(၇၀)ဝန်းကျင် တာဝန်ချပေးထားပြီး မြို့မရဲစခန်းမှာ တာချီလိတ်မြို့အတွက် အဓိက ဖြစ်သည်။

အဆိုပါအရေအတွက်သည် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ လက်အောက်ရှိ မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်း၊ ရဲကင်းစခန်းတို့၏ အရေအတွက်သာဖြစ်ပြီး  မူးယစ်၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်တား၊ ယာဉ်ထိန်း စသည့် အခြား ရဲတပ်ဖွဲ့စုများ၏ စာရင်း မပါဝင်ပေ။

◮ တာချီလိတ်မြို့ရဲ့ လူဦးရေ

၂၀၂၄ခုနှစ် နိုဝင်ဘာလအထိ အိမ်ထောင်စုစာရင်းများနှင့် ဧည့်မှတ်တမ်းများအရ တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ် (၃)မြို့ပေါင်းတွင် လူဦးရေ (၁၈၀,၀၀၀)မှ (၁၉၀,၀၀၀)ဝန်းကျင်သာရှိပြီး ရဲတပ်ဖွဲ့အင်အားမှာ (၂၃၀)ကျော်သာရှိသည်။

လူဦးရေများပြားပြီး ရဲတပ်ဖွဲ့ အင်အားနည်းပါးသော်လည်း စီမံချက်များဖြင့် ဖမ်းဆီးရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ပထမဆုံးအနေဖြင့်  ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ (ကျိုင်းတုံ)မှ ရဲတပ်ဖွဲ့များ လာရောက် ပူးပေါင်းကာ လုပ်ဆောင်လေ့ရှိသလို အင်အားပိုမိုလိုအပ်ပါက တောင်ကြီးက ရဲတပ်ဖွဲ့ဝင်များပါ လာရောက်ပြီး လုပ်ဆောင်သည့် ဖြစ်စဉ်များရှိခဲ့သည်။

ဒေသတွင်းရဲများမဟုတ်ဘဲ ကျိုင်းတုံက ရဲတပ်ဖွဲ့ လာရောက်ပြီး ဖမ်းဆီးရေးလုပ်သည့် ဖြစ်စဉ်မှာ မကြာသေးမီဖြစ်သည့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့က  ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင်၏ ဦးဆောင်မှုဖြင့် ကျိုင်းတုံမှ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ အပါအဝင်၊ ကျိုင်းတုံ မှု/နှိမ်၊ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့ နှင့် မိုင်းယန်းမြို့နယ်ရဲတပ်ဖွဲ့  စသည့် ကျိုင်းတုံရဲတပ်ဖွဲ့ဝင်များ ဆင်းလာပြီး လိုင်စင်မဲ့ကားများကို ဖမ်းဆီးခဲ့ကြသေးသည်။

◮ အဖျားရှုးသွားတဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးအဖြစ် ၂၀၂၄ခုနှစ်၏ နှစ်လပိုင်းဝန်းကျင်ကစပြီး  ပြောင်းရွှေ့တာဝန်ကျနေသည့် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ချမ်းမြေ့ဝင်းသည် တာချီလိတ်တွင် တာဝန်စကျပြီး မကြာမီ ဇွန်လအတွင်းကစပြီး နိုဝင်ဘာလအထိ ခိုးဆိုးလုယက်သူ တချို့ကို ပစ်ခတ်ဖမ်းဆီးသည်အထိ လုပ်ဆောင်မှုများရှိခဲ့သော်လည်း နောက်ပိုင်းတွင် ထိထိရောက်ရောက် ဆက်လက် လုပ်ဆောင်ခြင်းမရှိတော့ဘဲ အဖျားရှုးသွားခဲ့သည့်အတွက် ခိုးဆိုးလုယက်မှုများမှာ ပိုမိုများပြားလာကာအုပ်စုလိုက် ပိုမိုအတင့်ရဲလာသည်အထိ ဖြစ်လာခဲ့သည်။

"ခရိုင်ရဲတပ်ဖွဲ့မှူး စပြောင်းလာတုန်းက လုယက်သမားတွေကို ဖမ်းပြလိုက်တာ။ ရောက်တာနဲ့ အစွမ်းပြပါလားဆိုပြီး ချီးကျူးနေတာ။ နောက်ကြလာတော့လည်း အရင်လူတွေလို ငြိမ်သွားတာ အခုထိပဲ။ အခုဆို လမ်းကြိုလမ်းကြားတွေထဲ သွားလာသူတွေ စိုးရိမ်စိတ်နဲ့ သွားလာနေရတဲ့ အခြေအနေဖြစ်နေတယ်ဗျ"ဟု ဒေသခံ တစ်ဦးက ပြောသည်။

◮ ခိုးဆိုးလုယက်မှု အဖြစ်များနေသော်လည်း အမှုလာဖွင့်သူ နည်းပါး

တာချီလိတ်မြို့တွင် အကြိမ်ပေါင်းမနည်းသည့် ပြန်ပေးဆွဲမှုများ နှင့် လုယက်မှုများမှာ ဖြစ်ပွားသည့် အရေအတွက် အလွန်များပြားနေသော်လည်း အဆိုပါ ဖြစ်စဉ်များ၏ မှတ်တမ်းများသည် သက်ဆိုင်ရာရဲစခန်းများတွင် မှတ်တမ်းမရှိပေ။ 

မှတ်တမ်းမရှိရခြင်းမှာ ရဲတပ်ဖွဲ့ထံ ခံရသူ ကာယကံရှင်များက သွားရောက် တိုင်ကြားခြင်းမရှိခြင်းကြောင့် ရဲတပ်ဖွဲ့ မှတ်တမ်းတွင်လည်း အမှု အရေတွက် နည်းရခြင်းလည်းဖြစ်သည်။ အကူအညီလို၍ အသိပေးတိုင်ကြားသော်လည်း ရဲစခန်းများက ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံခြင်းမရှိဘဲ ရိုင်းပြစွာ ပြန်လည်ပြောဆိုမှုများကြောင့် အပါအဝင် ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးခြင်း မရှိခြင်းကြောင့်  ဒေသခံ တော်တော်များများသည် ရွံကြောက်သဖွယ်မှတ်ယူလိုက်ပြီး ရဲစခန်းသို့ သွားရောက် တိုင်ကြားခြင်း နှင့် အကူအညီတောင်းခံခြင်း နည်းပါးခဲ့ရသည်။

လက်ရှိတွင် တာချီလိတ်မြို့၌ နေ့စဉ် နေ့ရော ညပါ ခိုးဆိုးလုယက်မှုများ ဖြစ်နေလျှက်ရှိပြီး ခံရသည့် ကာယကံရှင်များမှာလည်း မိအေးနှစ်ခါနာ ဆိုသလို ရဲတပ်ဖွဲ့၏ ငွေညစ်မှုကိုလည်း မခံရရေးအတွက် သွား၍ အကူအညီတောင်းခံခြင်းမရှိသည်က များပြားနေသည်။

"အသိတစ်ယောက်ဆိုရင် နေအိမ်မှာ ဓါးပြတိုက်သလို ဖြစ်လို့ facebook ပေါ် တက်ပြီး အကူအညီတောင်းရေးသားတော့ ဟောင်လိတ်ရဲစခန်းက လာခေါ်သွားပြီး  ကောင်မလေးကို စခန်းမှာ တစ်ညလုံး ခေါ်ထားပြီးတော့ အကြောင်းမရှိအကြောင်းရှာ ရစ်ပြီး နောက်ဆုံး ဘတ်(၁)သိန်းတောင်းတယ်။ ဒါက အရင်နှစ်တုန်းကပါ ကြာတော့ ကြာပြီပေါ့။ ဒါပေမဲ့ အဲ့လိုတွေ ဖြစ်နေတော့က တခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်တော့ ရဲစခန်းကို ဘယ်သူမှ မသွားချင်ကြတော့ဘူး။ မိအေးနှစ်ခါနာ အဖြစ်မျိုး ဖြစ်မှာဆိုးကြတယ်လေ။ ရဲစခန်းကို CCTV နဲ့ တကွ ပုံတွေနဲ့ တကွ သွားတိုင်လည်း ဘာမှမထူးဘူး။ သူတို့က ရှာပေးမယ်ပဲ ပြောတာ အခြေအနေ မထူးလာဘူးလေ"ဟု ကာယကံရှင်နှင့် နီးစပ်သူ တစ်ဦးက ပြောပြသည်။

◮ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ)တကယ် နာမည်ကောင်းရချင်သလား

တပ်ကနေ အသွင်ပြောင်းလာပြီး ရဲလုပ်ငန်းမကျွမ်းကျင်ဘဲ နာမည်ကောင်းရရေးအတွက် ထင်ရာလုပ်သည်ဟု ၎င်း၏ နောက်ကွယ်တွင် လက်အောက် ရဲတပ်ဖွဲ့များ၏  ဝေဖန်ခံနေရသည့်  ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင်သည် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့က တာချီလိတ်မြို့ရှိ ကားအရောင်းနေရာများတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီးသည့် ကိစ္စနှင့်ပတ်သက်ပြီး ၎င်းအား ဒေသခံများက မုန်းနေကြသော်လည်း အထက်လူကြီးများက ချီးကျူးသည်ဟုဆိုကာ ပျော်နေသူ ဖြစ်သည်။

"သူကရဲလုပ်ငန်းကို ရဲအစစ်တွေလို မကျွမ်းကျင်ဘူး။ အထှာမနပ်ဘူး။ တပ်က လာသူဆိုတော့ ဘယ်လိုလုပ်ရမယ် ဘာညာဆိုတာလည်း နားမလည်ဘူး။ ပြီးခဲ့တုန်းက တာချီလိတ်မှာ နေရာကွက်ကျား လိုင်စင်မဲ့ကားတွေ ဖမ်းလိုက်တော့ သူ့အထက်လူကြီးတွေက သူ့လုပ်ဆောင်ချက်ကို ချီးကျူးတယ်ဆိုပြီး ပျော်နေတယ်။ သူက နာမည်ကောင်းရချင်တာပဲ သိတယ်။ ဒေသခံတွေရဲ့ တကယ့်လိုအပ်ချက်ကို မလုပ်ဘူး"ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency ကို ပြောပြသည်။

မည်သို့ ဆိုစေကာမှု ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင်အနေဖြင့် တာချီလိတ်မြို့က လိုင်စင်မဲ့ကားများကို ကျိုင်းတုံရဲတပ်ဖွဲ့အင်အားဖြင့် ဖမ်းဆီးရေးလုပ်ဆောင်သလို တာချီလိတ်မြို့တွင်း ခိုးဆိုးလုယက်မှုများကိုလည်း လိုင်စင်မဲ့ကားဖမ်းသကဲ့သို့ ရှမ်း(ရှေ့)တခုလုံးက ရဲတပ်ဖွဲ့အင်အားကို အသုံးပြုပြီး လုပ်ဆောင်ပါက ဒေသတွင်းနေ ပြည်သူများက ကျေးဇူးတင်မဆုံး ဖြစ်ချေမှာ မုချမလွဲပေ။

ယခုဆိုလျှင် ခိုးဆိုးလုယက်သူများမှာ လမ်းကြိုလမ်းကြားများတွင် အဆင်သင့် စောင့်ဆိုင်းပြီးမှ လုယက်မှုများ လုပ်ဆောင်သည့်အတွက် ၎င်းတို့အား ရဲတပ်ဖွဲ့၏ လုပ်ရိုးလုပ်စဉ်ဖြစ်သည့် လှည့်ကင်း၊   ဝပ်ကင်းများဖြင့် အကောင်းဆုံး စီမံချက်ရေးဆွဲ လုပ်ဆောင်ပါက ဒုစရိုက်သမားတွေအတွက် ပြေးလမ်းမရှိ ဖြစ်မှာ ဧကန်ပင်။

◮ ထိရောက်ခဲ့တဲ့ ကျားမင်းစီမံချက်ရဲ့ ရက်(၉၀)

လွန်ခဲ့သည့် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလအတွင်းက တာချီလိတ်မြို့တွင်း  မှုခင်းများလျော့ကျရေးနှင့် လောင်းကစားနှိမ်နှင်းရေးအတွက် ရက်(၉၀)ကျားမင်း စီမံချက်ကို ထိုစဉ်က  ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ)အဖြစ် တာဝန်ကျသည့် ရဲမှူးကြီး တင်ဇော်ထွန်း ဦးဆောင်ပြီး ကျိုင်းတုံရဲတပ်ဖွဲ့များပါထည့်သွင်း အင်အားဖြည့်ကာ လုပ်ဆောင်ခဲ့သည်မှာ ထိရောက်မှုရှိခဲ့သည်ကို တွေ့ရသည်။

ကျားမင်းစီမံချက်ကာလအတွင်း တာချီလိတ်မြို့တွင်း အဓိကနေရာများနှင့် လူသူသွားလာသည့် နေရာများတွင် ရဲကင်းတဲများထားရှိပြီး စောင့်ကြည့်သလို လှည့်ကင်း၊ ဝပ်ကင်းများဖြင့်လည်း ထိထိရောက်ရောက် လုပ်ဆောင်သည့်အတွက် တာချီလိတ်နေ ပြည်သူများမှာ ရဲကင်းတဲများတွင် အလှည့်ကျ တာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင်များကို အစားအသောက်များ သွားရောက်ပေးဝေခြင်းဖြင့် လူချစ်လူခင်များခဲ့သည့် ရဲတပ်ဖွဲ့ ဖြစ်ခဲ့သေးသည်။

ထိုစီမံချက်သည် အလွန်ထိရောက်ခဲ့သည်မှာ ခိုးဆိုးလုယက်သူများအတွက် ပြေးလမ်းပျောက်သည့် ပမာရှိခဲ့ပြီး ထိုစဉ်က ခိုးမှုနှင့်လုယက်မှုများ လျော့ကျသွားခဲ့သည်။

◮ လက်တွေ့ လုပ်ဆောင် ရဲဂုဏ်ရောင်

အဓိက လိုရင်းဆိုရသော် လက်ရှိ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင်သည် Tachileik News Agency က ဖော်ပြနေသည့် ခိုးဆိုးလုယက်သတင်းများကို နေ့စဉ်နီးပါး ဖတ်ရှုနေသည်ကို သိရှိရသည်။ ထို့အတူ တာချီလိတ်၏ မြေပြင်အခြေအနေတွင် ပြည်သူများမှာ ခိုးဆိုးလုယက်မှုများကြောင့် စိုးရိမ်ကြောင့်ကျစွာ သွားလာလှုပ်ရှားနေရသည်ကိုလည်း သိရှိပြီး ဖြစ်မည်ဟု မှတ်ယူပါသည်။

ယင်းအတွက် တာချီလိတ်မြို့တွင် ၂၀၂၀ခုနှစ်တုန်းက ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ)ရုံး၏ ဦးဆောင်မှုဖြင့် လုပ်ဆောင်သည့် ကျားမင်းစီမံချက်ကဲ့သို့ လုပ်ငန်းစဉ်မျိုး လုပ်ဆောင်ပြီး တာချီလိတ်ဒေသအတွင်း ခိုးဆိုးလုယက်မှုများ လျော့ပါးရေးအတွက် လုပ်ဆောင်ရန် စိတ်စေတနာရှိ မရှိကို လက်တွေ့အလုပ်များဖြင့် ပြသစေလိုပါသည်။

◮  ဒေသအပေါ် စေတနာထားဖို့ အချိန်တန်ပြီ

တာချီလိတ်မြို့တွင် လူကို ထိခိုက်နာကျင်စေတတ်သော လက်နက်များ ကိုင်ဆောင်ပြီး  လုပ်ဆောင်နေသည့် ခိုးဆိုးလုယက်မှုများသည်  မြို့တွင်း၌ အတင့်ရဲစွာဖြစ်ပေါ်နေလျှက်ရှိသည်မှာ နေ့ရော ညပါ အချိန်မရွေးဖြစ်နေသလို ယခုအခါ လျှပ်စစ်မီး (၂၄)နာရီမရသည့် အခြေအနေကိုလည်း အခွင့်အကောင်းယူကာ ပိုမိုလုပ်ဆောင်လာခြင်းလည်းဖြစ်သည်။

တာချီလိတ်မြို့၏ လက်ရှိအခြေအနေအရ ရဲတပ်ဖွဲ့အနေဖြင့် လမ်းကြိုလမ်းကြားများပါ မကျန် အင်အားစုပေါင်းပြီး အချိန်ကာလ တစ်ခုသတ်မှတ်ကာ စီမံချက်ပြုလုပ်ပြီး  နေ့ရော ညပါ စောင့်ကြည့် လုပ်ဆောင်မည်ဆိုပါက ခိုးဆိုးလုယက်မှုများ လျော့နည်းသွားရာကနေ ပပျောက်သည်အထိ မဖြစ်နိုင်ဟု ပြော၍ မရပါ။ အဘယ်ကြောင့်ဆိုသော် ရဲတပ်ဖွဲ့၏ စိတ်စေတနာနှင့် လုပ်ဆောင်မှုသည်သာ အဓိက ဖြစ်လေသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ "ပြည်သူလူထုအပေါ်ပြုကျင့်ရမည့် ကျင့်၀တ်(၁၀)ပါး"တွင် "ပြည်သူလူထုနှင့်ဆက်ဆံရာတွင် ရိုင်းပြစွာပြောဆို ဆက်ဆံ မှုကို ရှောင်ကြဉ်ရန်"၊ "ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရယူရန်"၊ "လုပ်ကိုင်ခွင့်အာဏာများကို အခွင့်ကောင်းယူ၍ ပြည်သူ လူထုအပေါ် အနိုင်မကျင့်မိစေရန် သတိပြုရန်" နှင့် "ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားရန်"တို့ ပါရှိသည်။

ထို့အတွက် မိမိ မိသားစုတစ်စုတည်း ကောင်းစားရေးအတွက် တရားမဝင်လုပ်ငန်းများကနေ နည်းလမ်းမျိုးစုံဖြင့် ငွေကြေးရရှိရေးကိုသာ မျှော်မကိုးဘဲ ဒေသတွင်းနေ ပြည်သူများ၏ အကျိုးစီးပွားကိုလည်း ဦးစားပေးကာ လုပ်ဆောင်မှသာ ပြည်သူ၏ လေးစားချစ်ခင် အားကိုးမှုကို  ရရှိမည်မှာ မလွဲပါ။

ယခုဆောင်းပါးကို ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင်၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ချမ်းမြေ့ဝင်း၊ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမျိုးဟိန်း နှင့် တာချီလိတ်မြို့မ ရဲစခန်းမှူး ဒုရဲမှူး နိုင်ဇာအောင်၊ ဟောင်လိတ်နယ်မြေရဲစခန်းမှ စခန်းမှူး ဒုရဲမှူးအေးထွန်းသိန်း အပါဝင်  သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ မြင်တွေ့ပြီး ဒေသအတွက် ထိထိရောက်ရောက် လုပ်ဆောင်နိုင်လိမ့်မည်ဟု မှတ်ယူရင်း ရေးသား တင်ပြလိုက်ပါသည်။