မြန်မာဘက်မှ ထုပ်ပိုးမှုပုံစံသစ်နှင့် သယ်ဆောင်လာသည့် မူးယစ်ဆေးပြားများကို ထိုင်း - မြန်မာနယ်စပ်၏ ထိုင်းဘက်တွင် ဖမ်းမိ

မြန်မာဘက်မှ ထုပ်ပိုးမှုပုံစံသစ်နှင့် သယ်ဆောင်လာသည့် မူးယစ်ဆေးပြားများကို ထိုင်း - မြန်မာနယ်စပ်၏ ထိုင်းဘက်တွင် ဖမ်းမိ
မေ 17, 2024 | ရှမ်းရှေ့

မြန်မာနိုင်ငံကနေ  ထုပ်ပိုးမှု ပုံစံသစ်ဖြင့် သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား   (၃) သိန်းကို မြန်မာနယ်စပ်နှင့် နှစ်ကီလိုမီတာအကွာ ထိုင်းမြောက်ပိုင်းနယ်စပ်တွင် ပစ်ခတ်ဖမ်းဆီးရမိသည်ဟု ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် Maesai Press က ဖေါပြထားသည်။

ထိုင်း - မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊ ချင်းမိုင်ဧရိယာအတွင်း၌ နယ်စပ်ကင်းလှည့်အဖွဲ့က ၂၀၂၄ ခုနှစ် မေလ (၁၅)ရက်နေ့တွင်  မသင်္ကာဖွယ် အဖွဲ့တစ်ဖွဲ့ကို တွေ့သဖြင့် စစ်ဆေးရန် တားမြစ်စဉ် အပြန်အလှန်ပစ်ခတ်မှု (၅)မိနစ် ဝန်းကျင်ကြာ ဖြစ်ပွားပြီးနောက် မသင်္ကာဖွယ်အဖွဲ့က ထွက်ပြေးသွားကြသဖြင့် ပစ်ခတ်မှု ဖြစ်ပွားရာနေရာကို ရှာဖွေရာ ဆာလာအိတ်အထုပ် (၃)ထုပ်တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်ကင်းလှည့်အဖွဲ့က အဆိုပါ အိတ်များအတွင်းမှ Y 1 အမှတ်တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား (မက်သာအက်ဖီတမင်း) စုစုပေါက်း (၃)သိန်းပါသည့်  အထုပ်များကို စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ပြီး စိတ်ကြွရူးသွပ်ဆေးပြားများအား ထုပ်ပိုးပုံမှာ ယခင်ဖမ်းဆီးရမိသည့် ဆေးပြားများနှင့် မတူသည့် ပုံစံသစ်ဖြစ်နေကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများအား ထုပ်ပိုးပုံမှာ ယခင်ဖမ်းဆီးရမိသည့် ဆေးပြားများနှင့် မတူသည့် ပုံစံသစ်ဖြစ်နေ၍ မူးယစ်ဆေးထုတ်သည့်အုပ်စုအသစ်တစ်ခု ထွက်ပေါ်လာခြင်းဖြစ်နိုင်သည်ဟု ဖမ်းဆီးရေးအဖွဲ့ဘက်က ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်တလျှောက်တွင် မြန်မာ နှင့် လာအိုနိုင်ငံဘက်မှ မူးယစ်ဆေးတင်ပို့မှုများကို ထိုင်းနယ်စပ်ကင်းလှည့်အဖွဲ့က မကြာခဏဖမ်းဆီးရမိလေ့ရှိသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကမ္ဘာပေါ်တွင် ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် အာဖဂန်နစ္စတန်နိုင်ငံကိုကျော်ကာ ကမ္ဘာ့ ဘိန်းအများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်လာကြောင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် UNODC ( ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ အေဂျင်စီ )၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

 

Photo: Maesai Press