တာချီလိတ်မြို့တွင်း လူသူပြတ်လပ်သည့် လမ်းကြိုလမ်းကြားများ၌ အမျိုးသား(၂)ဦးမှ (၄)ဦးအဖွဲ့တို့က ဆိုင်ကယ်ဖြင့် စောင့်ဆိုင်းမှုများရှိနေပြီး လူသူသွားလာမှု အနည်းဆုံး အချိန်များတွင် လုယက်မှုများ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။
"ည အပြင်ခဏထွက်တာ မယ်ခေါင်မြို့ပတ်လမ်းထဲက လမ်းကြားမှာ လုခံရလို့ ဆိုင်ကယ် ပါသွားတယ်ဗျာ။ လမ်းကြားထဲ အဝင်မှာ တွေ့လိုက်ရတဲ့ လူ(၂)ဦးက အနောက်ကနေ ဆိုင်ကယ်နဲ့ လိုက်လာပြီး ဆိုင်ကယ်ကို လဲအောင် ကန်လိုက်တော့ လဲသွားပြီး လုတာ။ သူတို့မှာက ဓါးတွေပါတယ်။ ကျွန်တော့်ဆိုင်ကယ်က လိုင်စင်ပါတယ်"ဟု ဆိုင်ကယ်လုခံရသူ အမျိုးသားတစ်ဦးက ပြောပြသည်။
ဆန်ဆိုင်း(၅)လမ်းဘက်တွင်လည်း လမ်းကြားတွင် လုယက်ရန် ကြိုတင်စောင့်ဆိုင်းသူများရှိနေပြီး အခြားယာဉ်များမရှိဘဲ ဆိုင်ကယ်တစ်စီးတည်း ဖြစ်နေပါက လုယက်ရန် ကြိုးပမ်းသည့် အခြေအနေများ ရှိနေကြောင်း သိရသည်။
"မနေ့က ည(၇)နာရီလောက်ပဲရှိသေးတယ်။ အိမ်ပြန်မို့ လမ်းကြားထဲ ဝင်လိုက်တော့ လမ်းထိပ်မှာ လူ(၂)ယောက် ဆိုင်ကယ်ရပ်ပြီး ယောင်လည်လည်နဲ့ စောင့်ကြည့်နေတာ သတိထားမိတယ်။ ကျွန်မလည်း သူတို့ကို ဖြတ်ကျော်ပြီး ဆိုင်ကယ်မောင်းလာလိုက်တော့ သိပ်မကြာဘူး ကျွန်မနောက်ကို အဲ့ဆိုင်ကယ် လိုက်လာတယ်။ အိမ်ရောက်ဖို့ကလည်း လိုသေးတာနဲ့ အနီးနားက အသိအိမ်ထဲ ဘာမပြော ညာမပြောနဲ့ ဝင်လိုက်ရတယ်။ အိမ်ထဲက လှမ်းကြည့်လိုက်တော့ သူတို့လည်း ကျွန်မဘက်ကို လှည့်ကြည့်ပြီး ဆိုင်ကယ်မောင်းသွားတယ်။ သူတို့ ပုံစံက ပိန်တယ်။ ရိုးရိုးဦးထုပ်ဆောင်းထားတယ်"ဟု ဆန်ဆိုင်း (၅)လမ်းတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက Tachileik News Agency သို့ မတ်လ(၁၁)ရက်နေ့တွင် ပြောသည်။
တာချီလိတ်မြို့တွင် လုယက်မှုများမှာ နေ့ရော ညပါ ဖြစ်ပွားနေပြီး အဓိက အားဖြင့် ယာဉ်သွား ယာဉ်လာနည်းပြီး လူသူပြတ်လပ်သည့် အချိန်အခါများနှင့် ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ခိုးဆိုးလုယက်မှုများ နေ့စဉ် ဖြစ်ပွားနေသော်လည်း တရားခံများကို ဖမ်းဆီးဖော်ထုတ်ခြင်း မရှိခြင်းကြောင့် နေ့စဉ်ဖြစ်ပွားနေလျှက် ရှိသည်။