တာချီလိတ် ညဈေးတွင် ဈေးရောင်းမကောင်း၍ အရင်းပြတ်သူများ ရှိနေသော်လည်း စည်ပင်နှင့်ပူးပေါင်း လုပ်ငန်းရှင်တို့ဘက်က (၁)လလျှင် ဈေးကောက် ထိုင်းဘတ်ငွေ (၅)သိန်းကျော်အထိ ရရှိရန် မျှော်မှန်းထား

တာချီလိတ် ညဈေးတွင် ဈေးရောင်းမကောင်း၍ အရင်းပြတ်သူများ ရှိနေသော်လည်း စည်ပင်နှင့်ပူးပေါင်း လုပ်ငန်းရှင်တို့ဘက်က (၁)လလျှင် ဈေးကောက် ထိုင်းဘတ်ငွေ (၅)သိန်းကျော်အထိ ရရှိရန် မျှော်မှန်းထား

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယာဉ်ကြောရှုပ်ထွေးမှုကို ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ရွှေ့ပြောင်း ဖွင့်လှစ်ထားသည့် တာချီလိတ်ညဈေး(Tachileik Night Market)၏ အခြေအနေမှာ ဖွင့်လှစ်ထားသည့် ရက်ပေါင်း (၂၀)ကျော်အတွင်း အရင်းပြုတ်သည့် ဈေးသည်များနှင့် ဈေးရောင်းမကောင်းသည့် ဈေးသည် အများအပြားရှိနေသော်လည်း စည်ပင်နှင့်ပူးပေါင်း လုပ်ငန်းရှင်တို့ဘက်က ဈေးကောက်အနေဖြင့် (၁)လလျှင်  ထိုင်းဘတ်ငွေ(၄)သိန်းမှ (၅)သိန်းကျော်အထိ ကောက်ခံရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။ 

"ညဈေးစဖွင့်ချိန်မှာတော့ ဈေးကောက် မကောက်သေးဘူး။   ဈေးကောက် မကောက်ဘဲ (၁)လ အခမဲ့ ပေးရောင်းမယ်ပြောတာ။ တကယ်တမ်းက အခမဲ့ ပေးရောင်းတာ ရက်(၂၀)တောင် မကျော်ဘူး။ ဒီလ(၁)ရက်နေ့ကစပြီး ဈေးကောက် စကောက်တာ။ အခု ဈေးကောက် ကောက်တဲ့ (၇)ရက်အတွင်းမှာ သိသာသွားလို့ ဘေးတွဲသမားတွေက ဂေါက်ကွင်းပေါ်တက်သွားပြီး သွားပြောကြတော့ (၄၅)ဘတ်ကနေ ဘတ်(၃၀)ဆိုပြီး ဖြစ်သွားတာ။ ဈေးစဖွင့်တုန်းက ဈေးရောင်းမကောင်းတာက အစမို့ နေမှာပါလေဆိုပြီး ဈေးဆက်ရောင်းနေပေမဲ့ အခု ရက်(၂၀)ကျော်လာတော့လည်း ဒီအတိုင်းပဲ မထူးခြားလာဘူး။ ဈေးစဖွင့်ချိန် ဈေးကောက် မကောက်ဘဲ ပေးရောင်းကတည်းက ဈေးသည်တွေကလည်း ဒီပုံစံအတိုင်းဆိုရင် ဈေးကောက်ပေးရရင်တော့ မလွယ်ဘူးဆိုပြီး ကြိုတွက်ထားတာ အဲ့အတိုင်း အခုဖြစ်နေတယ်။ နောက်ပြီး ဈေးကောက် ကောက်တဲ့အချိန် ဖြတ်ပိုင်းပေးတာကလည်း ဘာအမှတ်တံဆိပ်မှာလည်း မပါသလို ညဈေးနာမည်လည်း မပါတဲ့ ဖြစ်ကလက်ဆန်း ဖြတ်ပိုင်းရွက်တွေ သုံးပြီး ဈေးကောက်ကောက်တယ်။"ဟု ဈေးသည်တစ်ဦးက Tachileik News Agency သို့ မတ်လ(၈)ရက်နေ့တွင် ပြောသည်။ 

"ဈေးကောက်အနေနဲ့ တစ်ရက်ကို (၄၅)ဘတ်ပေးရတယ်။ ဈေးသည်တွေကလည်း ဈေးကောက်သာ ပေးနေရတာ ရောင်းမကောင်းဘူး။ ညဈေးတန်းက အရှည်ကြီးဆိုတော့ တချို့ဆို ဟိုးထိပ်ထိ မတက်လာချင်ကြဘူး။ နီးစပ်ရာဆိုင်မှာပဲ ဝယ်စားကြတော့တာ များတယ်။ အဲ့တော့ တွန်းလှည်းသမားတွေက အပေါ်မှာ ရောင်းမကောင်းလို့ အောက်ဆင်းရောင်းပြန်တော့လည်း မောင်းထုတ်ခံရတယ်။ အသိ တွန်းလှည်းသမားတွေထဲမှာ ဒီညဈေးသစ်ကို ရောက်မှ အရင်းပြုတ်တာတွေရှိလာတယ်။ ကြာလာတော့လည်း သူတို့လည်း တောင့်မခံနိုင်တော့ဘူး"ဟု ၎င်းက ဆက်လက်ပြောပြသည်။

တာချီလိတ်မြို့ရှိ လုပ်ငန်းအားလုံးမှာ (၂၄)နာရီလျှပ်စစ်မီးပေါ် အခြေခံပြီး လည်ပတ်ရသည်ဖြစ်သော်လည်း ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ကစပြီး (၂၄)နာရီ လျှပ်စစ်မီး ဖြတ်တောက်ခံရပြီးနောက်ပိုင်းတွင် စီးပွားရေး အဆင်မပြေမှုများစွာ ဖြစ်ပေါ်လာခဲ့သလို အစားအသောက် ရောင်းချသည့် ဈေးသည်များမှာလည်း (၂၄)နာရီ လျှပ်စစ်မီး မရရှိသည့်အတွက် စားသောက်ကုန်များကို အအေးခန်းတွင် အချိန်ပြည့်မထားနိုင်ခြင်းကြောင့် စွန့်ပစ်ရ၍ ဆုံးရှုံးမှုလည်း ရှိလာသည်ဟု သိရသည်။

"ရောင်းကုန်တွေက စားသောက်ကုန်များတော့ အရင်လမ်းဘေးမှာ ရောင်းသလို ရောင်းမကောင်းတော့ ရောင်းမကုန်ဖြစ်ရော။ ရောင်းမကုန်တော့ ကြာကြာအထားမခံတဲ့ စားသောက်ကုန်တွေကို ပစ်ရတာများလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ လျှပ်စစ်မီးက (၂၄)နာရီ မရတော့ဘူးလေ။ အဲ့တော့ အအေးခန်းအတွက် မီးမရှိတော့ မသိုလှောင်နိုင်တော့ဘဲ ကြာကြာအထားမခံတော့တဲ့နောက် စွန့်ပစ်လိုက်ရတာများတယ်။ ဈေးကလည်း ရောင်းမရတဲ့ ရက်ကြာလာတော့ အတော်လေးအခက်တွေ့နေကြတယ်။ ဈေးသည်တော်တော်များများကလည်း အိမ်ပိုင်ရာပိုင်တွေက နည်းတယ် အခန်းငှားနေသူတွေများတယ်။ သူတို့က အိမ်လစာရဖို့ စားဖို့သောက်ဖို့ ရအောင် မျှော်မှန်းပေမဲ့ ညဈေးဖွင့်လိုက်မှပဲ ဈေးသည်တွေက အဆင်မပြေလို့ မရောင်းချင်တော့လောက်အောင် ဖြစ်နေကြတယ်။"ဟု တွန်းလှည်းဖြင့် ရောင်းချသည့် ဈေးသည်တစ်ဦးက ပြောသည်။

 



တာချီလိတ်မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးတလျှောက်မှ ညပိုင်းဖွင့်လှစ်သည့် လမ်းဘေးစားသောက်ဆိုင်ခန်းနှင့်လှည်းများကို တစ်နေရာတည်းတွင် စုစည်းဖွင့်လှစ်ထားသည့်အတွက် စားသောက်ဆိုင်ခန်း(တဲ) နှင့် တွန်းလှည့်ဖြင့် ရောင်းချသည့် စုစုပေါင်း အရေအတွက်မှာ (၄၀၀)ဝန်းကျင်ရှိနေပြီး ဆိုင်ခန်းများကို တစ်နေ့လျှင် (၄၅)ဘတ် နှင့် တွန်းလှည့်အချို့ကို ဘတ်(၃၀) ကောက်ခံသည့်အတွက် တစ်လလျှင် ခန့်မှန် ဈေးကောက်ရရှိငွေမှာ ထိုင်းဘတ်ငွေ (၅)သိန်းကျော်အထိ ရရှိနိုင်ပြီး တစ်နှစ်လျှင် ဘတ်သိန်း(၅၀)ကျော်အထိ ရရှိနိုင်သည်ဟု ဈေးသည်တစ်ဦးက ခန့်မှန်ထားသည်။

"အခု ညဈေးမှာ ဆိုင်ခန်းနဲ့လှည်းတွေ အပါဆို ဈေးသည် (၄၀၀)လောက်ရှိတယ်။ ဆိုင်ခန်းတွေက (၄၅)ဘတ်ပေးရတယ်။ တွန်းလှည်းတွေက (၄၅)ဘတ်ပေးရသလို ဘတ်(၃၀)ပေးရတဲ့ ဈေးသည်တွေလည်းရှိတယ်။ စည်ပင်နဲ့ဂေါက်ကွင်းကလူတွေအနေနဲ့ ဈေးကောက်ကို တစ်နေ့ အကြမ်းဖျင်းဆိုရင် ဘတ်(၁၅,၀၀၀)ဝန်းကျင်အထိ ရတယ်။ တလဆိုရင် ဘတ်(၄)သိန်းကနေ (၅)သိန်းအထိ အသာလေးရမှာ။ တစ်နှစ်ဆိုရင် ဘတ်သိန်း(၅၀)ဝန်းကျင် အသာလေး ထိုင်ယူနေရုံပဲ။ ဒါတောင် ယာဉ်ရပ်နားခ မပါသေးဘူးနော်။  အရင်တုန်းက လမ်းဘေးမှာ ဈေးရောင်းတုန်းကတော့ နေရာအနှံ့ပြန့်နေတာဆိုတော့ ဈေးရောင်းကောင်းသလို ဈေးကောက်အနေနဲ့ စည်ပင်ကို ဘတ်(၂၀)ပေးရတယ်။ အခုက ဈေးရောင်းကောင်းတယ်ဆို ဘတ်(၁၀၀)လည်း ပေးနိုင်တယ်။ ဈေးလုံးဝ ရောင်းမကောင်းတော့ အဆင်မပြေဘူးလေ။  စည်ပင်နဲ့ဂေါက်ကွင်းကလူတွေက မြို့အတွက်ဆိုပြီး ခေါင်းစဉ်တပ်နေတာ တကယ်က သူတို့အကျိုးအတွက်ပါပဲ။ မြို့အတွက် တကယ် စေတနာထားတယ်ဆိုရင် ဈေးသည်တွေအတွက် အဓိက ဦးစားပေး စဉ်းစားပေးသင့်တာပေါ့နော်။ "ဟု ဈေးသည်တစ်ဦးက တွက်ချက်ပြောပြသည်။

"သူတို့ စီစဉ်ပေးထားတဲ့နေရာက ရာသီဥတု ကြမ်းလာရင်အဆင်မပြေနိုင်ဘူး။ မိုးရာသီဆိုရင်လည်း အဆင်မပြေနိုင်ဘူး။ ညဈေးဆိုပေမဲ့ ခမ်းခမ်းနားနားလည်း မဟုတ်ဘူး။ နွေရာသီမှာ ဖုန်တွေလည်း ထလာနိုင်တယ်။ ရှေ့လျှောက် သင်္ကြန်ကာလဆို လေတွေ မိုးတွေ ကျတော့မှာ အဲ့အခါဆိုရင်  ဒီနေရာမှာ ဘာအကာအကွယ်မှ မရှိဘူးလေ။ သစ်ပင် သစ်ကိုင်းကြိုးကျမှာတွေ၊ မြေပြိုမှာတွေတော့ ကြောက်ရတယ်။ အဲ့အချိန်ဆို ဈေးတန်းတစ်ခုလုံး နီးပါး အရင်းပြုတ်နိုင်တယ်။ အခုတောင် အသိဆိုင် တော်တော်များများ  အရင်းပြုတ်သွားတယ်။ ကျွန်တော်တို့က နာမည်လည်းရှိထားတော့ မိတ်တွေက ရှိပြီးသားဆိုပေမဲ့ တော်တော်များများက အရောင်းပါးကြတယ်။ ရောင်းရတယ် နေရာကလည်း ကျဉ်းတယ်လေ"ဟု ၎င်းက ဆက်ပြောသည်။

ညဈေးသည် ဂေါက်ကွင်းဘေးတွင် ဖွင့်လှစ်ထားခြင်းဖြစ်၍ ညနေပိုင်းတွင် ဂေါက်သီးထိမှန်မှာများရှိနေသလို သစ်ပင်သစ်ကိုင်း ကျိုးကျခံရမှု နှင့် မြွေအန္တရာယ်နှင့်လည်း ကြုံတွေ့ရသည့် ဖြစ်စဉ်များပါ ရှိနေကြောင်း နှင့် ဈေးဖွင့်လှစ်ထားသည့် ရက်ပေါင်း(၂၀)ကျော်အတွင်း၌ ဆိုင်ကယ် (၃)စီး ခိုးခံရသည်အထိ ဖြစ်ပွားနေကြောင်း သိရသည်။

 

"ညဈေးက ဂေါက်ကွင်းဘေးမှာရှိတာဆိုတော့ ညနေပိုင်းဆိုရင် ဂေါက်သီးမှန်တဲ့ ဈေးသည်တွေလည်းရှိတယ်။ သိရသလောက်ဆိုရင် ဂေါက်သီးမှန်တာ (၂)ယောက်ရှိတယ်။ တစ်ယောက်ဆို ခါးအရိုးကို ထိသွားတယ်။ ပြီးတော့ ဂေါက်ကွင်းဘက်ကနေ မြွေထွက်လာတာ (၂)ခါရှိပြီ။ ဆိုင်ကယ်လည်း ခိုးခံရတာလည်း (၃)စီးရှိသွားပြီ"ဟု ဈေးသည် တစ်ဦးက ပြောပြသည်။



   

ညဈေးဖွင့်လှစ်ထားသည့် ဂေါက်ကွင်းလမ်းသည် ပုဂ္ဂလိကပိုင်လမ်းမဟုတ်ဘဲ ပြည်သူပိုင်လမ်းဖြစ်သော်လည်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် စည်ပင်နှင့် ဂေါက်ကွင်းကို လုပ်ကိုင်ခွင့်ရရှိထားသည့် MAHAR GOLDEN TRIANGLE COMPANY ( မဟာ‌ရွှေတြိဂံကုမ္ပဏီ )တို့ ပူးပေါင်းပြီး အဆိုပါ လမ်းကို အသုံးပြုကာ ညဈေးဖွင့်လှစ်ပေးထားခြင်းဖြစ်ပြီး ဈေးသည်များအရေး အဓိက ဦးစားမပေး၍ မြို့မိမြို့ဖ တစ်ဦးက ထောက်ပြဝေဖန် ပြောဆိုလိုက်သည်။

"ဒီဂေါက်ကွင်းလမ်းဆိုတာက ပြည်သူပိုင်လမ်းပါ။ ဒီလမ်းကို အသုံးပြုပြီးမှ ဂေါက်ကွင်းကိုသွားရတာဆိုတော့ အရင်ကဆိုရင် ဒီလမ်းပြုပြင်ဖို့ကို ရီဂျီးနား ထိုင်းလုပ်ငန်းရှင်ဘက်ကပဲ ပြုပြင်ရတာများတယ်။ ဒီဂေါက်ကွင်းကို ရီဂျီးနား ထိုင်းလုပ်ငန်းရှင်ထံကနေ စစ်တပ်က သိမ်းပြီး စစ်တပ်နဲ့နီးစပ်တဲ့ ဦးအောင်မျိုးမင်းဒင်က လုပ်ကိုင်ခွင့်ရသွားတယ်။ အဓိက ပြောချင်တာကတော့ ဒီလမ်းက ဂေါက်ကွင်းက ပိုင်တာမဟုတ်ဘူး ပြည်ပိုင်လမ်းပေါ့ဗျာ။ ဒီလမ်းကို ပြီးတဲ့တုန်းက ပြင်ပြုရေးလုပ်တော့ အဲ့လမ်းနားက ဟိုတယ်တွေနဲ့ မြို့ခံလုပ်ငန်းရှင်တွေက ငွေအများအပြား ထည့်ဝင်ပြီးမှ လမ်းကို ပြန်ပြင်ထားတာပေါ့။ အခုတော့ ညဈေးအကြောင်းပြပြီး စည်ပင်နဲ့ဂေါက်ကွင်းလုပ်ငန်းရှင်တို့ ပေါင်းပြီး ဈေးကောက် ကောက်စားတဲ့ သဘောဖြစ်သွားတယ်။ လမ်းဘေးမှာ ယာဉ်ကြောရှုပ်တာတွေ ရှင်းသင့်သလောက် ရှင်းသွားတယ်ဆိုပေမဲ့ မြို့အတွက် လုပ်တယ်ဆိုရင် အားလုံးနဲ့အဆင်ပြေဖို့က အဓိပေါ့။ ကိုယ့်အတွက် လူတစ်စုအတွက်ပဲ ကြည့်လို့မရဘူး။ ဒေသခံတွေက ဘယ်လိုတွေ လည်ပတ်နေကြသလဲ ဘာနဲ့ဦးတည်ပြီး လည်ပတ်နေသလဲဆိုတာကို ဒေသခံတွေက ပိုသိတာပေါ့။ အခုနောက်ပိုင်းက ကျွန်တော်တို့အနေနဲ့ ဝင်ပြောတာတွေ ဝင်မကြံပေးတာတွေ လုပ်လို့မရတော့ဘူး"ဟု အမည်မဖော်လိုသည့် မြို့မိမြို့ဖ တစ်ဦးက ပြောသည်။

တာချီလိတ်ညဈေးတွင် ဝယ်သူထက် ရောင်းသူက ပိုမိုများပြားနေပြီး စားသုံးသူများမှာလည်း ဂေါက်ကွင်းလမ်းတလျှောက် အစမှ အဆုံးထိ လမ်းလျှောက်သွားလာသူက နည်းသည့်အတွက် နီးစပ်ရာ စားသောက်ဆိုင်ကနေသာ ဝယ်ယူသည်က များခြင်းကြောင့် ဈေးသည်အများအပြားမှာ ဈေးရောင်းမကောင်းသည့် အခက်အခဲများရှိနေသော်လည်း ညဈေးဖြစ်ပေါ်ရန် အကြံပေးသူများနှင့် စီမံသူများမှာ မြေပြင်အခြေအနေကို စုံစမ်းမေးမြန်းလေ့လာခြင်းဘဲ ဈေးရောင်းကောင်းနေသည်ဟု ထင်နေသည်ဟု ဆိုသည်။

"ညဈေးရဲ့ အဓိက ပြဿနာက ထင်သလို ဈေးရောင်းမကောင်းတာ အဓိက ပါပဲ။ အရင် လမ်းဘေးမှာ ရောင်းတုန်းကဆိုရင် အခုလိုမဟုတ်ဘူး ရောင်းကောင်းတယ်။ စည်ပင်ကို ဈေးကောက် ဘတ်(၂၀)ပေးရလည်း မသိသာဘူး။ ဈေးရောင်းကောင်းရင် ဈေးကောက် ဘယ်လောက် ဖြစ်ဖြစ် ပေးနိုင်ပေမဲ့ အခုက အရင်းပြုတ်လောက်တဲ့အထိ ဈေးရောင်းမကောင်းတာကို တာဝန်ရှိသူတွေ ဘယ်လို လုပ်ပေးမလဲ။ တော်တော်များများက အရင်လိုနေရာမှာပဲ ပြန်ရောင်းချင်နေကြတာ။ ဒီမှာက ထင်သလို ရောင်းမကောင်းဘူးလေ။ ကျွန်တော်တို့က ငွေပိုငွေလျှံရှိနေလို့ ဈေးရောင်းစားတာမဟုတ်ဘူး။ သူတို့က ကောင်းစေချင်လို့အမြင့်တင်တယ်ဆိုပေမဲ့ တစ်နေရာတည်း ခေါ်ပြီး အရင်းပြုတ်အောင် လုပ်သလို ဖြစ်နေတယ်။ ရှမ်းရိုးမကွင်းကို   ကောင်းကောင်းစီမံအသုံးချနိုင်ရင် ညဈေးတောင် လုပ်လို့ရသေးတာ။ အခုတော့ သူတို့ အကျိုးမပါဘူးလို့ ပြောလို့ရနိုင်ပါ့မလား"ဟု ဈေးသည်တစ်ဦးက ၎င်း၏ ခံစားချက်ကို ထုတ်ဖော်ပြောကြားသည်။



မှတ်ချက် ။   ။ သတင်းရင်းမြစ်များ၏ အမည်များကို မဖော်ပြထားခြင်းမှာ ၎င်းတို့၏ လုံခြုံရေးကို ဦးစားပေးသည့်အနေဖြင့် အမည်များ မဖော်ပြထားခြင်း ဖြစ်ပါသည်။