မြိုင်မြို့သို့ ထောက်ပို့လာသည့်  စစ်ကောင်စီယာဉ်တန်းနှင့် အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ် တိုက်ခိုက်

မြိုင်မြို့သို့ ထောက်ပို့လာသည့်  စစ်ကောင်စီယာဉ်တန်းနှင့် အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ် တိုက်ခိုက်

 မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့သို့ ရိက္ခာလာပို့သည့် စစ်ကောင်စီယာဉ်တန်းနှင့် ယာဉ်တန်းလုံခြုံရေး မြေပြင်စစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

မြိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းများအား ရိက္ခာလာပို့သည့် ကား အစီး ( ၃၀ ) ခန့်ရှိ စစ်ယာဉ်တန်းနှင့် ကားလမ်း ဘယ်ညာမှ နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးလာသည့် အင်အား ( ၃၀၀ ) ၀န်းကျင်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ( ၇ ) ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက မြိုင်မြို့နယ် ကျောက်ဆောက်ကျေးရွာအနီးတွင် မိုင်း ၊ ဒရုန်း ၊ လက်နက်ကြီး/ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲသည် အချိန် ( ၃ ) နာရီခန့်ကြာမြင့်ပြီး အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ  ( ၇ ) ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ တပ်ဖွဲ့ဝင် ( ၃ ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း   အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါ တိုက်ခိုက်မှုအား အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် မကွေးခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ တပ်ခွဲ ( ၂ ) ၊ ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ( ၁ ) တပ်စု ( ၁ ) ၊ ပခုက္ကူမြို့နယ် ပကဖ တပ်ပေါင်းစု ၊ မြိုင်နယ် ပကဖ တပ်ပေါင်းစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။