တိမ်ကောစဖြစ်လာသည့် မယ်ဆိုင်ချောင်းအခြေအနေ

၂၀၂၅ခုနှစ် မတ်လ(၆)ရက်နေ့တွင် တွေ့ရသည့် မယ်ဆိုင်ချောင်းအခြေအနေ ( Photo: Sombat Khamlue )
၂၀၂၅ခုနှစ် မတ်လ(၆)ရက်နေ့တွင် တွေ့ရသည့် မယ်ဆိုင်ချောင်းအခြေအနေ ( Photo: Sombat Khamlue )
တိမ်ကောစဖြစ်လာသည့် မယ်ဆိုင်ချောင်းအခြေအနေ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြား စည်းသဖွယ်ခြားထားသည့် မယ်ဆိုင်ချောင်း၏ အခြေအနေကို ၂၀၂၅ခုနှစ် မတ်လ(၆)ရက်နေ့တွင် တွေ့ရသည်။

 မိုင်းဆတ်ခရိုင်အတွင်း တရားမဝင် အကြီးစား ရွှေတူးဖော်သည့် လုပ်ငန်းများကနေ မျှောပါလာသည့် နုန်းမြေများ စီးမျှောဝင်ရောက်လာမှုနှင့်အတူ ချောင်းအတွင်း ဆယ်ယူနိုင်မှု မရှိခြင်းများကြောင့် ယခု နွေရာသီအစတွင် ချောင်း၏ အခြေအနေမှာ တိမ်ကောစဖြစ်ပေါ်လာသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ (၁၂)ရက်နေ့အထိ အဆိုးရွားဆုံး ရေကြီးရေလျှံ နှင့်အတူ မိုင်းဆတ်ဘက်က ရွှေတူးဖော်သည့် နုန်းမြေများမျောလာမှုကြောင့် ထိခိုက်ပျက်စီးမှုများအနက် မယ်ဆိုင်ချောင်း၏ ထိခိုက်မှုမှာလည်း အကြီးမားဆုံး ဖြစ်ပေါ်ခဲ့သည်။

၂၀၂၄ခုနှစ် စက်တင်ဘာလက ဖြစ်ပေါ်ခဲ့သည့် အဆိုပါ ဖြစ်စဉ်ကြောင့် အဆိုးရွားဆိုး ကြုံတွေ့ခဲ့ရသူများမှာ ယနေ့အချိန်အထိ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲများနှင့် ကြုံတွေ့နေရပြီး အများအားဖြင့် နေအိမ်များ ပြန်ဆောက်လုပ်ရေးအတွက်ပဲ အကောင်အထည်မဖော်နိုင်သေးသူများအထိ ရှိနေဆဲဖြစ်သည်။

"ကျွန်မက တာချီလိတ်မှာ မွေးတာ။ အသက်(၅၅)နှစ်တလျှောက်လုံး ပြီးခဲ့တဲ့ ၂၀၂၄ရဲ့ ရေကြီးရေလျှံ နုန်းမြေဖုံးလွှမ်းခံရတာမျိုး တစ်ကြိမ်တခါမှ မကြုံဖူးဘူး။ ခံလည်းမခံခဲရဖူးဘူး။ နေအိမ်အောက်ထပ်မှာ ဘာမှ ရစရာမရှိဘူး။ နုန်းတွေ ဖုံးလွှမ်းလို့ အကုန်ပျက်စီး ကုန်တာ။ ရှင်းလင်းရေးလုပ်တာတောင် ကားငှားရတာ အလုပ်သမားငှားရတာနဲ့ဆို ဘတ်(၂)သိန်းကျော် ကုန်သွားတယ်။ အခုထိ စိတ်သောကရောက်နေရဆဲပဲ"ဟု မယ်ဆိုင်ချောင်းနှင့်အနီးဆုံး ရပ်ကွက်ဖြစ်သည့် ပုန်းထွန်ရပ်ကွက်တွင်းနေ အမျိုးသမီးတစ်ဦးကလည်း ၎င်းက ကြုံတွေ့ခဲ့ရသည့် အခြေအနေကို ပြန်လည် ပြောသည်။

မယ်ဆိုင်ချောင်းအတွင်း ဝင်ရောက်နေသည့် နုန်းမြေများမှာ ပိုမိုမြင့်တက်လာနေပြီး မိုးရာသီကာလများတွင် တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုမှာ ပြီးခဲ့သည့် ၂၀၂၄ခုနှစ်ထက် ပိုမိုဆိုးရွားစွာ ဖြစ်လာမည့်အရေးကို တာချီလိတ်နေ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်ကို တွေ့ရသည်။

"လွန်ခဲ့တဲ့ ၁၉၉၀ လောက်ကဆိုရင် ဒီတံတားပေါ်ကနေ  တောင်းရမ်းကြတဲ့ ကလေးတွေ လူကြီးတွေ တံတားပေါ်ကနေ ဒိုင်ပင်ဒိုးချပြီး ရေကူးတာတွေအထိရှိခဲ့တယ်။ အခုတော့ အဲ့လို လုပ်လို့ရတဲ့အနေအထားမရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ချောင်းထဲက နုန်းတွေကို မဆယ်တော့ ချောင်းက တိမ်ကောစဖြစ်လာတာပေါ့။ အရင်တုန်းကဆိုရင် မယ်ဆိုင်ချောင်းက ရေခမ်းတာမျိုးနဲ့ ကျွန်းသဖွယ် ပေါ်တာမျိုး မရှိခဲ့ဘူး နောက်ပိုင်း နွေရာသီကာလတွေမှာ ပိုသိသာလာတယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။

မယ်ဆိုင်ချောင်းအတွင်း နုန်းများကို ထိုင်း နှင့် မြန်မာ ပူးပေါင်းပြီး ဆယ်ယူရန် လွန်ခဲ့သည့် ၂၀၁၇ကနေ ၂၀၁၉ခုနှစ်အထိ အသံများထွက်ပေါ်ခဲ့သော်လည်း ၂၀၂၅ခုနှစ်အထိ လက်တွေ့ ဆယ်ယူနိုင်ခြင်းမရှိဘဲ ဖြစ်နေသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ထက် မြန်မာနိုင်ငံ တာချီလိတ်မြို့တွင်း၌ ၂၀၀၀ ခုနှစ်ဝန်းကျင်အထိ ရှိခဲ့သည့် မြို့တွင်း ချောင်းအချို့မှာလည်း နေအိမ်များ၏ ဝါးမျိုမှုကြောင့် မြောင်းအဆင့်သာရှိတော့ပြီး မြို့တွင်း ရေမြောင်းအများအပြားတွင်လည်း ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်လာသည့် ရွှံနွံများနှင့် စည်းကမ်းမဲ့စွန့်ပစ်သည့် အမှိုုက်များကြောင့် ပြည့်နေပြီး ကောင်းမွန်စွာ ဆယ်ယူနိုင်ခြင်းမရှိဖြစ်နေဆဲကို တွေ့ရသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလအတွင်းက ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုနှင့်အတူ ရွှေတူးဖော်သည့် နုန်းမြေများ လွှမ်းမိုးမှုကြောင့် မယ်ဆိုင်ချောင်းမှာ မြင့်တက်လာသည့်အတွက် မိုးရာသီကာလများတွင် ရေကြီးရေလျှံမှု အလွယ်တကူဖြစ်နိုင်သည့် အခြေအနေသည် တာချီလိတ် နှင့် မယ်ဆိုင် နှစ်ဖက်နေ ပြည်သူများအတွက် ကြိုတင် စိတ်မောစရာဖြစ်နေသည်မှာ ဧကန်အမှန်ဖြစ်သည်။

တာချီလိတ်မြို့တွင် တာဝန်ကျသည့် စစ်ဘက် အရပ်ဘက် တာဝန်ရှိသူများနှင့် ဝန်ထမ်းများမှာ အနည်းဆုံး(၁)နှစ်မှ (၃)နှစ်အထိသာ တာဝန်ထမ်းဆောင်ရသည့်အတွက် ၎င်းတို့သည် များသောအားဖြင့် ကိုယ်ကျိုးကိုသာ ကြည့်လေ့ရှိပြီး ဒေသအတွက် စေတနာထားပြီး အမှတ်တရဖြစ်စေမည့် လုပ်ငန်းကိစ္စရပ်များကို လုပ်ဆောင်ပေးခဲ့သည်မှာ ရှားပါးသည့်အတွက် ၎င်းတို့ကို တွန်းအားပေးနိုင်ရန်မှာလည်း ၎င်းတို့နှင့်ပူးပေါင်းပြီး ကိုယ်ကျိုးမရှာသည့် စစ်မှန်သော မြို့မိမြို့ဖများ၏ တာဝန်သာ ဖြစ်လေသည်။

#TachileikNewsAgency

Photo: Sombat Khamlue