တာချီလိတ်မြို့တွင် အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ
* * * * *
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရကြောင်း သိရသည်။
တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုအတွင်း မယ်ယန်းကျေးရွာတွင် နေထိုင်သူ အသက်(၆၀)ကျော်ရှိ ဒေါ်နန်းစံရှဲန်၏ နေအိမ်သို့ အမျိုးသား(၂)ဦး ရောက်ရှိလာပြီး ၎င်းအား ပြန်ပေးဆွဲသွားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ၂၀၂၅ခုနှစ် မတ်လ(၁၀)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်အချိန်က ဖြစ်ပွားခြင်း ဖြစ်ပြီး အမည်မသိ အမျိုးသား(၂)ဦးသည် Crown အမျိုးအစား အဖြူရောင်ကားဖြင့် လာရောက်ကာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်းသိရသည်။
"ညက မောင်းလာတဲ့ ကားအဖြူရောင် တစ်စီးကိုတော့ တိတိကျကျ မြင်လိုက်တယ်။ ဘာကြောင့် ပြန်ပေးဆွဲသွားတာလဲဆိုတာတော့ မသိဘူး။ ဒီဖန်မင်ကျေးရွာအုပ်စုထဲမှာ ၂၀၂၅ အစပိုင်းတုန်းကလည်း ပြန်ပေးဆွဲခံရမှု ဖြစ်သွားသေးတယ်။ အဲ့တုန်းကလည်း ပြန်ပေးဆွဲခံရသူက ရှမ်းလူမျိုးပဲ။ အခုလည်း ရှမ်းလူမျိုးပဲ။"ဟု မယ်ယန်းဒေသခံ တစ်ဦးက Tachileik News Agency သို့ မတ်လ(၁၁)ရက်နေ့တွင် ပြောသည်။
ယခုပြန်ပေးဆွဲမှု ဖြစ်ပွားသည့် ဖန်မင်ကျေးရွာအုပ်စုနှင့်အနီးဆုံးရှိ မိုင်းကိုးကျေးရွာအုပ်စုတွင်လည်း ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ ညနေပိုင်းက လက်နက်ကိုင်ဆောင်ထားသည့် လူ(၄)ဦးအဖွဲ့သည် အမျိုးသားတစ်ဦးအား ပြန်ပေးဆွဲရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့သေးသည်။
တရားဥပဒေစိုးမိုးမှု ဖရိုဖရဲဖြစ်နေသည့် တာချီလိတ်မြို့တွင် ခိုးဆိုးလုယက်မှုများမှာ နေ့ရော ညပါ ဖြစ်ပွားနေသလို ယခုလို ပြန်ပေးဆွဲမှုများမှာလည်း မကြာခဏ ဖြစ်ပွားနေလျှက်ရှိပြီး တရားခံများကို ဖမ်းဆီးရမိခြင်းမရှိသည့် ဖြစ်စဉ် များပြားနေသည်။