မောင်တောမြို့ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဌာနမှ ဒုဦးစီးတစ်ဦးနှင့် အထက်တန်းစာရေးနှစ်ဦးကို စစ်ကောင်စီဖမ်းဆီး

မောင်တောမြို့ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဌာနမှ ဒုဦးစီးတစ်ဦးနှင့် အထက်တန်းစာရေးနှစ်ဦးကို စစ်ကောင်စီဖမ်းဆီး

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဌာနမှ ဒုဦးစီးတစ်ဦးနှင့် အထက်တန်းစာရေး (၂)ဦးတို့အား စစ်ကောင်စီတပ်က ယမ‌န်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးသွားကြောင်း သိရသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဌာနမှ ဝန်ထမ်း(၃)ဦးကို စစ်ကောင်စီတပ်က အင်အား (၁၂)ဦးခန့်ဖြင့် ရုံးအတွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့မှ ဒေသခံ (၃)ဦးအား နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

မင်းပြားမြို့ရှိ ဒေသခံအမျိုးသားတစ်ဦးကိုလည်း ယင်းနေ့တွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ ‌ထောင်ထားခဲ့သော စွန့်လွှတ်မိုင်းကို နင်းမိခဲ့ရာမှ ခြေထောက်နှစ်ဘက် ဖြတ်တောက်ခဲ့ရကာ အဆိုပါနေရာသည် မင်းပြားမြို့မရဲစခန်းအနောက်ဘက်ရှိ ပြည်သူသုံးသောက်ရေကန်ဖြစ်သည်ဟု သိရသည်။ 

မောင်တောမြို့၊ မြို့သူကြီးအခြေစိုက် စစ်ကောင်စီလက်အောက်ခံ နခခ (၅) တပ်ရင်းမှလည်း မောင်တောမြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံရွာသားများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြောက်လှန့်၍ ကျေးရွာများအတွင်းမှ အဓမ္မ နှင်ထုတ်ခဲ့သည်ဟု သိရသည်။

အဆိုပါတပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် (၃)လုံးသည် ကံပြင်သာစည်ကျေးရွာနှင့် ရွာသာယာကျေးရွာကြားသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသာယာကျေးရွာမှ ဒေသခံအမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

#TachileikNewsAgency