ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ (၆) နယ်မြေအတွင်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၂)ရက်နေ့မှ (၂၈)ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီတပ် နှင့် KNLA နှင့် KNDO တို့ ပါဝင်သည့် ပူးပေါင်းတပ်များအကြား တိုက်ပွဲပေါင်း(၁၁) ကြိမ်ဖြစ်ရာ စစ်ကောင်စီတပ်သား ( ၅၆ ) ဦးသေကာ ( ၄၀ ) ကျော်ဒဏ်ရာရကြောင်း တပ်မဟာ (၆) က ယနေ့ ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
ဒီဇင်ဘာလ (၂၄)ရက်နေ့၏ နေလည်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ဒူးပလာယာခရိုင်၊ ရွာသစ်ကုန်းကျေးရွာအတွင်းသို့ ပစ်ခတ်ရာ ဆိုင်ကယ်တစ်စီးနှင့် ထော်လာဂျီတစ်စီး ပျက်စီးခဲ့ပြီး ညပိုင်းတွင် စစ်ကောင်စီတပ်က ဖိုးစီမှုစခန်းမှ လက်နက်ကြီး (၁၂၀)မမဖြင့်ပစ်ခတ်ရာ ပဲဒလဲရွာသို့ ကျရောက်ပေါက်ကွဲခဲ့ကာ ဒေသခံ စောဖားဘရော် ဦးခေါင်းထိမှန်၍ စိုးရိမ်ရဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ (၂၅)ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များမှ ရွာသစ်ကုန်းရွာတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ဒေသခံ စောတိုးစိုး နေအိမ်ပျက်စီးပြီး ဝက်တစ်ကောင် သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် ရွှေကြက်မင်းဘုန်းကြီးကျောင်းကို ပစ်ခတ်ရာ သံဃာတော်(၁)ပါးပျံ လွန်တော်မူပြီး (၃)ပါး ဒဏ်ရာရရှိကာ ဒကာ(၁)ဦးပါ ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။
ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီမှ လေယာဥ်ဖြင့် ကော့နွဲကျေးရွာတံတားကို ပစ်ခတ်ခဲ့ပြီး ယင်းနေ့တွင်ပင် ရဟတ်ယာဉ်ဖြင့် ရွာသစ်ကုန်း ကျောက်ပုံအနီးသို့ စက်သေနက်ဖြင့်ပစ်ခတ်ရာ ဒေသခံနေအိမ်များ ပျက်စီးခဲ့ရကြောင်း သိရသည်။
ဒီဇင်ဘာလ(၂၈)ရက်နေ့ကလည်း အာဏာသိမ်းစစ်ကောင်စီတပ်၏ လေတပ်မှ SU-30 လေယဥ်ဖြင့် ပေါင် ၅၀၀ဗုံး (၄)လုံး ဖြင့် ရွာသစ်ကုန်းကျောက်ပုံကို ကြဲချခဲ့ကြောင်း သိရသည်။