မင်းတပ်မြို့ရှိနေအိမ်များကို စစ်ကောင်စီ မီးထပ်ရှို့ပြီး ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်

မင်းတပ်မြို့ရှိနေအိမ်များကို စစ်ကောင်စီ မီးထပ်ရှို့ပြီး ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်

ချင်းပြည်နယ် မင်းတပ်မြို့ (၃)မိုင်ခွဲနှင့် လှေးကောင်းလမ်းခွဲကြားရှိ နေအိမ်များကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးပြီး ယမန်နေ့ညပိုင်းတွင်လည်း ပေါင်(၅၀၀)ဗုံး ကြဲချတိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ် ခလရ(၂၇၄)မှ စစ်ကောင်စီတပ်သားများသည် ယနေ့ နံနက်(၆)နာရီကျော်တွင် ၎င်းတို့ တပ်ရင်းမှူးနေအိမ်မြောက်ဘက်ခြမ်း (၃)မိုင်လမ်းခွဲနှင့် လှေးကောင်း လမ်းခွဲကြားရှိ နေအိမ်(၂)လုံးကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများက ဆိုသည်။ 

“ကားလမ်းပေါ်က ပြည်သူနေအိမ် (၂)လုံးကို မီးထပ်ရှို့တာပါ။ အဲဒီနေရာဝန်းကျင်က သူတို့တွေ မီးရှို့နေကြတာ ဒီတစ်ကြိမ်နဲ့ဆို (၃)ကြိမ်မြောက်ရှိနေပြီ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ယမန်နေ့ ည(၁၂)နာရီဝန်းကျင်တွင်လည်း ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံးနှစ်လုံးကို မင်းတပ်မြို့ပေါ်သို့ ကြဲချတိုက်ခိုက်သွားသည်ဟု ဆိုသည်။

“မနေ့က မနက်ပိုင်းကလည်း မြို့ပေါ်ကို ပေါင်(၅၀၀)ဗုံးကြဲသေးတယ်။ ညပိုင်းမှာ မြို့အနောက်ဘက်က ခလရ(၂၇၄)တပ်ဂိတ်နားတဝိုက်က ပြည်သူ့နေအိမ်တွေကို နှစ်ကြိမ်မြောက် မီးရှို့သေးတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်ကောင်စီတပ်သည် မင်းတပ်မြို့ ရဲစခန်းအနီးရှိ အ.မ.က (၆)ကျောင်းကို မီးရှို့ခြင်း၊ အချုပ်ခန်းအနီး တောင်ဘက်ခြမ်းရှိ ပြည်သူပိုင်နေအိမ် တစ်လုံးကို မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“အခုရက်ပိုင်းတွေမှာ စစ်ကောင်စီတပ်က လေကြောင်းကော လက်နက်ကြီးနဲ့ပါ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေတယ်။ နေအိမ်တွေတော်တော်များများ ပျက်စီးတာရှိတယ်။ ဒေသခံတွေကတော့ တိမ်းရှောင်နေကြရတာပဲ။”ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

ချင်းညီနောင်အဖွဲ့သည် မင်တပ်နှင့် ဖလမ်းမြို့တို့တွင် နိုဝင်ဘာလ(၉)ရက်နေ့မှစတင်ကာ မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများအား တပြိုင်တည်းဝင်ရောက်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်ဟု ချင်းညီနောင်အဖွဲ့က နိုဝင်ဘာလ(၁၃)ရက်နေ့က ထုတ် ပြန်အသိပေးထားသည်။

ချင်းညီနောင်အဖွဲ့၏ အကူအညီတောင်းခံမှုကြောင့် မဟာမိတ်အဖွဲ့အစည်းတချို့လည်း အိမ်နီးချင်းကောင်းပီသစွာဖြင့် ယခုစစ်ဆင်ရေးတွင် ပူးပေါင်းတိုက်ပွဲဝင်နေသည်ဟုလည်း ဖော်ပြထားသည်။

#TachileikNewsAgency

Photo: HKL Mindat