စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း ကူတော်ကျေးရွာတွင် အခြေချထားသည့် စစ်ကောင်စီတပ်၏ စခန်းတွင် စစ်ကောင်စီတပ်သားနှင့်ရဲများသည် စခန်းကို စွန့်ခွာသွားကြပြီဖြစ်ကြောင်း ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း(BMT)၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စခန်းမှ စစ်ကောင်စီ တပ်သားများ နှင့် ရဲများမှာ စခန်းကို စွန့်ခွာပြီး ဘုတလင်မြို့အတွင်းသို့ ၎င်းတို့၏ စစ်ကြောင်းနှင့်အတူ လိုက်ပါပူးပေါင်းသွားခြင်းဖြစ်၍ လက်ရှိတွင် အထိုင်ချစခန်းအတွင်း၌ စစ်ကောင်စီအဖွဲ့သား တစ်ဦးမှ မရှိတော့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများသည် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ၏ နောက်ဆုံးရက်က စခန်းကို အပြီး စွန့်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။
"သူတို့တွေ (၃၀) (၃၁)ရက်နေ့တွေက ထွက်သွားကြတာ အခုတော့ သူတို့တွေမရှိမှပဲ ဒေသခံတွေ အတော်လေး စိတ်ချမ်းသာနေကြတယ်။ သူတို့ရှိနေချိန် စိတ်တွေ ပူပင်ပြီး ဒုက္ခရောက်ခဲ့ရတယ်။ အိုးအိမ်စွန့်ခွာခဲ့ရတာပေါ့။ စခတွေထွက်သွားတဲ့ လမ်းကြောင်းတစ်လျှောက်မှာတော့ အနီးအနားက ကျေးရွာတွေမှာ မတိမ်းရှောင်ဘဲ ဒီတိုင်းနေတဲ့ လူတချို့ ဖမ်းဆီးသွားခံရတယ်လို့လည်း ထပ်ကြားမိတယ်။ လူသားဒိုင်းလုပ်ဖို့လားတော့မသိဘူးဗျာ"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။
ကူတော်ကျေးရွာတွင် စစ်ကောင်စီတပ်သားများနှင့်ရဲများမှာ စခန်းကို အခိုင်အမာတည်ဆောက်ပြီး ကူတော်ကျေးရွာ အတွင်းမှ ဒေသခံပြည်သူများကို ဖမ်းဆီးစစ်ဆေး နှိပ်စက်ခြင်း အပြင် ကျေးရွာအနီးတဝိုက်များတွင်လည်း နေအိမ်အတွင်းမှ အသုံးအဆောင်များနှင့် ရိက္ခာများပါ ခိုးယူခြင်းများ ပြုလုပ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများမှာ ကူတော်ကျေးရွာတွင် စခန်းကို အခိုင်အမာတည်ဆောက်ပြီး နေထိုင်ခြင်းကြောင့် အနီးအနားရှိ ကျေးရွာများမှ သက်ကြီးရွယ်အိုများနှင့် ကလေးများပါ မကျန် တိမ်းရှောင်ထွက်ပြေးနေခဲ့ရကြောင်းလည်း ဒေသခံများထံက သိရသည်။
#TachileikNewsAgency
Photo: Budalin Mobile Team-BMT