ကျားဖြန့်လုပ်ငန်းတွင် လူကုန်ကူးခံရသူများကို တစ်ရက်လျှင် လူ ၅၀၀ နှုန်း လက်ခံရန် ထိုင်းနိုင်ငံက သဘောတူ

ကျားဖြန့်လုပ်ငန်းတွင် လူကုန်ကူးခံရသူများကို တစ်ရက်လျှင် လူ ၅၀၀ နှုန်း လက်ခံရန် ထိုင်းနိုင်ငံက သဘောတူ

ကရင်ပြည်နယ် မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံရသူ နိုင်ငံခြားသားများကို တစ်ရက်လျှင် လူဦးရေ (၅၀၀) လက်ခံရန် ထိုင်းအ စိုးရဘက်က သဘောတူသည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။ 

ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ပြုလုပ်သည့် ထိုင်း-မြန်မာ နယ်ခြားကော်မတီအစည်းအဝေး တွင် ယင်းသို့ သဘောတူညီ‌ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

သဘောတူညီချက်များတွင် မြန်မာနိုင်ငံဘက်တွင် လူကုန်ကူးခံထားရသည့် နိုင်ငံခြားသားများ၏ အချက်အလက်များကို ပြင်ဆင်ထားရန်၊ မြန်မာနိုင်ငံဘက်မှ နေရပ်ပြန်မည့် နိုင်ငံခြားသားများ၏ စာရင်းပြုလုပ်ထားရန်၊ မြန်မာဘက်မှ ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်မည့် နိုင်ငံခြားသားများ၏ စာရင်းကို (၃)ရက်မှ (၅)ရက်အတွင်း ကြိုတင်ပေးပို့ထားရန် စသည့်အချက်များလည်း ပါဝင်သည်။ 

ထိုင်းနိုင်ငံဘက်မှ လူကုန်ကူးခံရသူများအား တစ်ရက်လျှင် လူဦးရေ (၅၀၀)နှုန်းဖြင့် မဲဆောက်မြို့ရှိ ထိုင်း-မြန်မာ အမှတ် (၂)တံတားမှတဆင့် လက်ခံသွားမည်ဖြစ်သည်ဟု ဆိုသည်။ 

မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း လိမ်လည်မှုများ၊ လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေသည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။ 

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)သည် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျားဖြန့်နှင့် လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီးနောက် မြဝတီဒေသရှိ လုပ်ငန်းများအားလုံးကို ဝင်ရောက်စီးနင်းနေသည်။ 

#TachileikNewsAgency

Photo:AEC อาเซียน News