မုံရွာ-ပုသိမ်လမ်းဆုံ၌ ဆက်ကြေးကောက်ရန်ထွက်လာသည့် စစ်ကောင်စီတပ် ပစ်ခတ်ခံရ

မုံရွာ-ပုသိမ်လမ်းဆုံ၌ ဆက်ကြေးကောက်ရန်ထွက်လာသည့် စစ်ကောင်စီတပ် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မုံရွာ-ပုသိမ်လမ်းဆုံ၌ ခရီးသွားပြည်သူများကို ဆက်ကြေးကောက်ရန်ထွက်လာသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ကြောင်း ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုထံမှ သိရသည်။

သီတဂူကျောင်းအတွင်းမှ ထွက်လာသော စစ်ကောင်စီတပ်သားများကို ၂၀၂၄ ခုနှစ် မေလ (၁၇)ရက်နေ့က ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မိတ်တပ်ပေါင်းစုက ဦးဆောင်၍ Dragon Brother Task Force-DBTF(နဂါးညီနောင်အထူးတပ်ဖွဲ့)နှင့်အတူ ပူးပေါင်းကာ အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားသည့်နေရာသည် အောင်ဇေယျစစ်မှုထမ်းဟောင်း(တပ်ကုန်း)၊ ရဲတပ်ရင်း (၂၈)နှင့် သီတဂူကျောင်း စသည့် အထိုင်စခန်း(၃)ခုကြားတွင် ဖြစ်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များဘက်က တိုက်ခိုက်မှုပြုလုပ်ရန် (၂)လခန့် အချိန်ယူပြင်ဆင်ကာ လေ့ကျင့်‌ရေးပြည့်ဝသည့် အထူးကွန်မန်ဒိုတပ်သား (၁၅)ဦးဖြင့် (၁၀)မီတာအကွာမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦး သေဆုံးကာ တော်လှန်ရေးတပ်ဘက်က ရဲဘော်(၁)ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး G3 သေနတ် (၃)လက်၊ HK 33သေနတ် (၁)လက်၊ M16သေနတ် (၁)လက်၊ အူဇီသေနတ်  (၁)လက်၊ G3ကျည်ဆံ (၂၃)တောင့်၊ 5.56ကျည်ဆံ (၁၆၅)တောင့်၊ အူဇီကျည်ဆံ (၁၀)တောင့်၊ ဖုန်း(၁)လုံးနှင့် ငွေကျပ်(၄၀၀၀)တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency