မြဝတီမြို့နယ်အတွင်း စစ်ရှောင်များထံ ICRC က အကူအညီများပေးပို့သည့် နေချိန်တွင် အာဏာသိမ်းတပ်က လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်မှုများ လုပ်နေ

Photo: ICRC
Photo: ICRC
မြဝတီမြို့နယ်အတွင်း စစ်ရှောင်များထံ ICRC က အကူအညီများပေးပို့သည့် နေချိန်တွင် အာဏာသိမ်းတပ်က လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်မှုများ လုပ်နေ
ဇန်နဝါရီ 15, 2022 | အခြားဒေသများ

 တိုက်ပွဲဖြစ်ပွားနေသည့် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များထံ  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) ၏ လူသားချင်းစာနာမှုအကူအညီများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့တွင် သွားရောက်ပေးပို့နေစဉ် အာဏာသိမ်းစစ်တပ်က ဇန်နဝါရီလ (၁၄) ရက်နေ့၌ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုလုပ်သည်ကို တွေ့ရသည်။

မြဝတီမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အလယ်ကတည်းက တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာရှောင်ပြေးခဲ့ရသည့် မိသားစုများကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း - ICRC က  လူသားချင်းစာနာမှုအကူအညီများပေးအပ်နိုင်ရေးအတွက် မယ်ထော်သလေးနှင့် အင်ကြင်းမြိုင်ရွာများကို သွားရောက်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ဒီခရီးစဥ်က ကျွန်တော်တို့ရဲ့ ပထမဆုံးခရီးစဥ်ပါ။ အခုဆို မြေပြင်မှာလိုအပ်နေတဲ့ အရေးတကြီးလိုအပ်ချက်တွေကိုလည်း သိရှိခဲ့ရပါတယ်။ အထောက်အပံ့အချို့ကို ပေးဝေနေတုန်းမှာပဲ အစားအစာကအစ နေအိမ်နဲ့ သန့်ရှင်းရေးပစ္စည်းတွေအထိ ထောက်ပံ့ပေးဖို့တွေ၊ လက်ရှိအခြေအနေများကြောင့် ဒီတကြိမ်မှာ သွားရောက်နိုင်ခဲ့ခြင်းမရှိတဲ့ ဒေသတွေ အပါအဝင်နဲ့ အခြား လိုအပ်နေချက်တွေကို ကူညီသွားဖို့လည်း လိုအပ်နေပါသေးတယ်။ ဒီတကြိမ်မှာ ကူညီမပေးနိုင်ခဲ့တဲ့ မိသားစုတွေအတွက် နောက်ထပ်အထောက်အပံ့တွေနဲ့အတူ ထပ်မံသွားရောက်ချင်ပါတယ်

ဟု ဒေသအရောက်အကူအညီသွားပေးခဲ့သည့် ICRC အဖွဲ့ကိုဦးဆောင်ခဲ့သူ  Maxime Zabaloueff က ပြောသည်။

ယင်းဒေသတွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး အခြေအနေများမှာ တည်ငြိမ်မှုမရှိဘဲ တင်းမာ‌နေခြင်းကြောင့် ဒေသခံများမှာ နေအိမ်များကိုစွန့်ခွာခဲ့ရပြီး လုံခြုံသောနေရာများကို ရှာဖွေနေရကြောင်း ICRC က ထုတ်ပြန်သည်။

ICRC အဖွဲ့က စစ်ရှောင်များအား ကူညီရေးအတွက် ဇန်နဝါရီလ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် လေးလေ့ကော်ဘက်သို့ သွားရောက်ခဲ့သော်လည်း အာဏာသိမ်းစစ်တပ်က လေကြောင်းမှ တိုက်ခိုက်လာမှုများနှင့် ကြုံရသဖြင့် နေ့လယ် (၁၂)နာရီခွဲဝန်းကျင်တွင် အဆိုပါဒေသမှ အလျင်စလိုပြန်လည်ထွက်ခွာခဲ့ကြရသည်ဟု ဒေသသတင်းရင်းမြစ်များကို ကိုးကား၍ KIC သတင်းဌာနက ယမန်နေ့က သတင်းဖေါ်ပြထားသည်ကို တွေ့ရသည်။

ယမန်နေ့က လေးကေကော်မြို့အနီး ဖလူးလေးရွာရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် -DKBA မှ ဗိုလ်မှူးစောစလုံး၏ တပ်စခန်းကို လေကြောင်းမှပါပစ်ခတ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက ကရင်ပြည်နယ်တွင်းကို ၎င်းတို့၏တပ်များ ကျူးကျော်ဝင်ရောက်စေပြီးတိုက်ခိုက်မှုများကြောင့် ယမန်နှစ် ဒီဇင်ဘာလကတည်းက တိုက်ပွဲများဖြစ်ပွားနေကာ အာဏာသိမ်းစစ်တပ်က လေကြောင်းမှပါ ဗုံးကြဲပစ်ခတ် တိုက်ခိုက်နေခြင်းကြောင့် ပြည်သူအများအပြား နိုင်ငံတွင်းသာမက နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံအတွင်းသို့ပါ ထွက်ပြေး တိမ်းရှောင်နေကြရသည်။