နိုင်ငံသစ်တည်ထောင်မည်ဟု သတင်းမှားဖြန့်ဝေသူများ နောင်တွင်ပြင်းထန်စွာအရေးယူခံရမည်ဟု ညီနောင် ၃ ဖွဲ့ထုတ်ပြန်

နိုင်ငံသစ်တည်ထောင်မည်ဟု သတင်းမှားဖြန့်ဝေသူများ နောင်တွင်ပြင်းထန်စွာအရေးယူခံရမည်ဟု ညီနောင် ၃ ဖွဲ့ထုတ်ပြန်

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များကို နိုင်ငံတော်မှ ခွဲထွက်ပြီး နိုင်ငံတော်သစ် တည်ထောင်မည်ဟု သတင်းတုများ ဖြန့်ဝေသူများအား နောင်တွင်ပြင်းထန်စွာအရေးယူခံရမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့တွင် ထုတ်ပြန်အသိပေးထားသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့မှ အသိဉာဏ်မဲ့၊ အောက်တန်းကျပြီး နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်နေသော ပုဂ္ဂိုလ်(သို့ မဟုတ်)အစုအဖွဲ့(သို့မဟုတ်) အဖွဲ့အစည်းများအား ၄င်းတို့အဖွဲ့အစည်းအမည်၊ တံဆိပ်တုံးများကို အသုံးပြုပြီး သတင်းအချက်အလက်အတုများဖြင့် ဆက်တိုက်ထုတ်ပြန်နေခြင်းမှာ အီလက်ထရွန်နစ်ဥပဒေနှင့် လူ့ဘောင်အဖွဲ့ အစည်းစနစ်ကို ပြင်းထန်စွာ ချိုးဖောက်နေခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

ဆက်သွယ်ရေးကွန်ရက်သည် ဥပဒေကင်းလွတ်သည့်နေရာမဟုတ်ကြောင်း၊ ဆက်သွယ်ရေးကွန်ရက်သည် မှတ်ဉာဏ်ရှိကြောင်း၊ သတင်းအတုများကို ထုတ်ပြန်နေသောသူများ၏ IP Address မှတဆင့် စုံစမ်းစစ်ဆေးနိုင်ကြောင်း၊ နောက်နောင်တချိန်တွင် မိမိတို့အဖွဲ့အစည်းများအပေါ် တိုက်ခိုက်နေသောသူများ၏ အသိဉာဏ်မဲ့သော လုပ်ရပ်များကို ရှာဖွေဖော်ထုတ်ပြီး ပြင်းထန်စွာအရေးယူခံမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများသည် နိုင်ငံတော်မှ ခွဲထွက်ပြီး နိုင်ငံအသစ်ထူထောင်တော့မည်ဟူသောခေါင်းစဉ်အပြင် အခြားသော ခေါင်းစဉ်များနှင့်လည်းကောင်း၊ ညံ့ဖျင်းလှသော တရုတ်အရေး အသားဖြင့်လည်းကောင်း၊ တိကျမှန်ကန်မှုမရှိသော ရေးပုံရေးနည်း၊ Photoshop တို့ဖြင့်လည်းကောင်း ညီနောင် (၃)ဖွဲ့၏ တံဆိပ်တုံးများကို အသုံးပြုပြီး (၁၀)စောင်ထက်မနည်းသော ထုတ်ပြန်ချက်များကို သတင်းတု အချက်အလက်တုများဖြင့် လူမှုကွန်ရက်မှတဆင့် ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ပြုလုပ်ခြင်းမှာ တိုက်ပွဲတိုင်း အောင်ပွဲရရှိနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိအားပေးရန်၊ အိမ်နီးချင်းနိုင်ငံအား အထင်အမြင်လွဲမှားစေရန်၊ မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းလက်နက်ကိုင်အဖွဲ့အား အသက်ရှုခွင့်ရရှိစေရန်ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: 3 Brotherhood Alliance (AA+MNDAA+TNLA)