စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်မှ အမျိုးသမီးသပိတ်စစ်ကြောင်းက အာဏာရှင်ဆိုတာဘယ်တော့မှ အရှင်မထွက်ဘူး ဆိုသည့် လူထုဒေါ်အမာ၏ သမိုင်းဝင်စကားကို ကြွေးကြော်၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့၌ သပိတ်စစ်ကြောင်း ချီတက်ကြသည်။
တန့်ဆည်အမျိုးသမီးသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်သွားရန်၊ အမျိုးသမီးများအား အကြမ်းဖက်နေသည့် ဖက်ဆစ်တပ်အား ထိုက်တန်သည့် အပြစ်ဒဏ် ကျခံစေရန် ကြွေးကြော်သံများဖြင့် ချီတက်ကြခြင်းဖြစ်သည်။
အာဏာသိမ်းစစ်တပ်က တန့်ဆည်မြို့နယ်တွင်း အင်အားဖြည့်၍ အကြမ်းဖက်ဖိနှိပ်မှုများလှုပ်ရှားနေသည့်ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို လူထုက ဆက်လက်လုပ်ဆောင်နေကြခြင်းဖြစ်သည်။
အာဏာသိမ်းစစ်တပ်က တန့်ဆည်မြို့နယ်တွင်း စာသင်ကျောင်းများ၊ ကျေးရွာများအတွင်း တပ်စွဲခြင်း၊ နေအိမ်များအား ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်နေသဖြင့် ဒေသကာကွယ်ရေးအဖွဲ့များက အာဏာသိမ်းတပ် တပ်စွဲရာနေရာအား ပြန်လည်တိုက်ခိုက်နေရာ ယနေ့တွင် တန့်ဆည် အထက ၁ ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းအပြင် တန့်ဆည်မြို့နယ်အတွင်း ဒေသကာကွယ်ရေးအဖွဲ့များက အာဏာသိမ်းတပ်လာမည့် မူးဘောင်တွင် မိုင်းခွဲရန်ထောင်ထားသည်ကို အမှိုက်ထုပ်ထင်၍ ကောက်ယူမိသည့် အရပ်သားတစ်ဦးလည်း ယနေ့သေဆုံးခဲ့သည်။