စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မင်းတိုင်ကျေးရွာနှင့် ငှက်ပျောတောကျေးရွာတို့မှ ပြည်သူပိုင် ပစ္စည်းများကို ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၄)ရက်နေ့ နံနက်ပိုင်းက ယူဆောင်သွားကြောင်း ပုလဲမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ပုလဲမြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ယမန်နေ့ ဩဂုတ်လ(၃)ရက်နေ့က တနယ်ကျေးရွာအား ဝင်ရောက်မီးရှို့ပြီး ကျေးရွာ ပအဖ ခေါင်းဆောင်တစ်ဦးအား သတ်ဖြတ်သွားကာ မင်းတိုင်ပင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရသည်။
ထို့နောက် ယနေ့နံနက်ပိုင်းတွင် ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းမှ ပျူစောထီးများသည် မင်းတိုင်ပင်ရွာအား လှည်းများဖြင့် ရောက်ရှိလာပြီး ဒေသခံများ၏ ပစ္စည်များကို ယူဆောင်ကာ စစ်ကြောင်းနှင့်အတူ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းအတွင်းကို ဝင်ရောက်သွားကြောင်း သိရသည်။
စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်ခြင်းကြောင့် မင်းတိုင်ပင်၊ ငှက်ပျောတော၊ အိုင်းမ၊ ချောင်းဦး၊ နှောကန်၊ ထန်းတောတိုက်၊ အိုးဘိုနှင့် ဆင်ရှင်ကျေးရွာများမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
နေအိမ်စွန့်ခွါထွက်ပြေးလာကြရသော စစ်ဘေးရှောင်ပြည်သူများအား သက်ဆိုင်ရာကျေးရွာများရှိ ရပ်ကျေး ပအဖ၊ ပကဖများ၊ အရပ်ဖက်အဖွဲ့အစည်းများက ပြည်သူများနှင့်ပူးပေါင်းကာ နေရာထိုင်ခင်းများ စီစဉ်ပေးခြင်း၊ အစားအသောက်များ ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် ပုလဲမြို့နယ်အတွင်းတွင် ရှိနေသေးသောကြောင့် ဒေသခံပြည်သူများအနေဖြင့် ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ် စစ်ကြောင်းရောက်ရှိလာပါက ဘေးကင်းရာသို့ ရှောင်တိမ်းသွားလာကြရန် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo :ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့