သံတွဲမှ စစ်ကောင်စီတပ်သားများ အရပ်ဝတ်များဖြင့် ထွက်ပြေးဆုတ်ခွာနေပြီး မြို့တွင်းကို ဗုံးကြဲမှုကြောင့် စာသင်ကျောင်းပျက်စီး

သံတွဲမှ စစ်ကောင်စီတပ်သားများ အရပ်ဝတ်များဖြင့် ထွက်ပြေးဆုတ်ခွာနေပြီး မြို့တွင်းကို ဗုံးကြဲမှုကြောင့် စာသင်ကျောင်းပျက်စီး

ရခိုင်ပြည်နယ် သံတွဲမြို့မှ စစ်ကောင်စီတပ်သားများ ဂွမြို့နယ်ဘက်သို့ အရပ်ဝတ်များဖြင့် ထွက်ပြေးဆုတ်ခွာနေပြီဖြစ်ပြီး မြို့တွင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ရာ စာသင်ကျောင်းပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲကာ စက်သေနတ်ဖြင့်ပစ်ခတ်ခြင်းကြောင့် အံတော်ရပ်ကွက်ရှိ အထက(၂)ကျောင်း ပျက်စီးသွားသည်ဟု သိရသည်။

“လေကြောင်းကနေပစ်တာ။ စက်သေနတ်နဲ့ ပစ်ပြီး ဗုံးကြဲသွားတာ။ လူတော့ မထိခိုက်မှုမရှိဘူး။ မနေ့ညကလည်း ခလရ(၅၅)ဘက်ကို ဗုံးကြဲတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်များသည် သံတွဲ-ဂွလမ်းရှိ ကျောက်ကြီးကျေးရွာဘက်သို့ အင်အား(၂၀၀)ကျော်ဖြင့် တပ်ဆုတ်နေပြီး သုံးဘီးဆိုင်ကယ်နှင့် ကားများကို ပေါ်တာဆွဲခေါ်သွားသည်ဟုလည်း သိရကာ ဒဏ်ရာရစစ်ကောင်စီတပ်သားများလည်း ပါဝင်သည်ဟု ဆိုသည်။

“စကစ အပြေးတွေအများကြီး လမ်းတလျှောက်လုံးပဲ။ မြို့ပေါ်ကရော၊ တပ်ဝန်းကျင်ကရောပဲ။ ကျောက်ကြီး ဘက်ကို ဂွလမ်းအတိုင်းပြေးတာ။ ပထမရက်က အင်အား(၁၃၀)၊ မနေ့က (၅၀)၊ ဒီနေ့လည်း ထပ်ရောက်တယ် (၅၀)လောက်။ မနေ့ကဆို သုံးဘီးကို ချောဆွဲခေါ်ပြေးကြတယ်။ တစ်နေ့ကဆို ကားတွေကိုချောဆွဲတယ်။ ရွာသားတွေဆီကနေ အဝတ်တွေကိုတောင်းဝတ်ကြတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ(၅၆၆)၊ ခလရ(၅၅)၊ မောင်ရွှေလေးရေတပ်နှင့် မြို့တွင်း၌ မြို့မရဲစခန်းတို့ရှိပြီး လက်ရှိတွင် AAသည် ခလရ (၅၅)တပ်ရင်းအား ဇူလိုင်လ (၉)ရက်နေ့တွင်လည်းကောင်း၊ ခမရ(၅၆၆)အား ဇွန်လ (၂၇)ရက်နေ့တွင်လည်းကောင်း သိမ်းပိုက်ထားသည်။

အဆိုပါတပ်စခန်းများအား သိမ်းပိုက်ပြီးနောက် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများ၊ စစ်ကူလာပေးသော စစ်ကောင်စီတပ်များနှင့် သံတွဲမြို့အတွင်းရှိလက်ကျန် စစ်ကောင်စီတပ်သားများသည် သံတွဲမြို့ နှင့် သံတွဲမြို့အနီး ပတ်ဝန်းကျင်မှ ခုခံစစ်များကိုဆင်နွှဲရန် ပြင်ဆင်နေသောကြောင့် သံတွဲမြို့တစ်ခုလုံးအား အပြီးသတ် သိမ်းပိုက်ရယူနိုင်မည့် ထိုးစစ်များကို ဆက်လက်ဆင်နွှဲရဦးမည်ဖြစ်သည်ဟု AA ကထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo:Aung Thu Htet