မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ရှိ စစ်ကောင်စီ၏ အမှတ်(၃၁) ခြေလျင်တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂၃)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်သည်ဟု သိရသည်။
“ခလရ ၃၁ ရဲ့ အခြေစိုက်စခန်းအပါအဝင် သူတို့ရဲ့ အပြင်မှာရှိတဲ့ ဂိတ်စခန်း(မီးတိုင်တပ်စခန်း)ကို ကျွန်တော်တို့ သွားရောက် တိုက်ခိုက်ခဲ့တယ်။ အဲဒီမှာ ရန်သူအင်အား (၃၀)ပတ်ဝန်းကျင်လောက် အခြေချနေတယ်လို့ သိရတယ်။ ဒီတိုက်ပွဲမှာ ကျွန်တော်တို့ ထင်ထားတာထက် အောင်မြင်မှုရတယ်။”ဟု မွန်ပြည်တော်ရေးတပ်၏ ပြောရေးဆို ခွင့်ရှိသူ နာဲဝင်နာဲက Tachileik News Agency ကိုပြောသည်။
တော်လှန်ရေးပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား နာရီဝက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ (၇)ဦးသေဆုံးကာ (၃)ဦး ဒဏ်ရာရသဖြင့် ရေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်သည်ဟု သိရသည်။
မီးတိုင်တပ်စခန်းသည် ခလရ(၃၁) တပ်အနီးတွင်တည်ရှိပြီး လမ်းပေါ်တွင်အခြေချ၍ ပြည်သူများအား ဒုက္ခပေးနေသည့် စခန်းတစ်ခုဖြစ်သည်ဟု ဆိုသည်။
“မှတ်ပုံတင်မပါရင် ဒဏ်ရိုက်တယ်၊ ပိုက်ဆံတောင်းတယ်။ ပြည်သူတွေကို ရိက္ခာတွေ၊ ဆန်တွေ သယ်ယူခွင့်မပေးဘူး။ အဲဒီလို စိတ်ဒုက္ခအမျိုးမျိုး နည်းပေါင်းစုံပေးနေတဲ့အတွက်ကြောင့် ပညာပေးအနေနဲ့ သွားဆုံးမတာဖြစ်တယ် ။”ဟု နာဲဝင်နာဲက ဆက်ပြောသည်။
တော်လှန်တပ်ဖွဲ့များက ပြောက်ကျားစနစ်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သဖြင့် လက်နက်ခဲယမ်းသိမ်းဆည်းရရှိခြင်းမရှိခဲ့ဟု ဆိုသည်။
တိုက်ပွဲပြီးနောက် ခလရ(၃၁)မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် အနောက်ဘက် ပင်လယ်အတွင်းရှိ စစ်သင်္ဘောများကလည်း ညနေပိုင်းအထိ ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ပြီး ယနေ့အထိ စစ်သင်္ဘောများ ရှိနေသေးသည်ဟု ဆိုသည်။
ခလရ(၃၁)တပ်နှင့် တော်လှန်ရေးတပ်တို့သည် လွန်ခဲ့သည့် (၂)နှစ်ခန့်ကသာ မျက်နှာချင်းဆိုင် တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တပ်ရေးဗိုလ်ကြီးအပါ (၇)ဦးသေဆုံးကာ တော်လှန်ရေးတပ်ဘက်က ရဲဘော်(၂)ဦး သေဆုံးပြီး (၂)ဦးဒဏ်ရာရရှိခဲ့သည်။
“အဲဒီကတည်းက ကျွန်တော်တို့ တပ်ရင်း(၃၁)ကို ပြန်လည်ပြီးတော့ ကလဲ့စားချေ တုန့်ပြန်ဖို့ စီစဉ်ထားတာရှိတယ်။ အခု အခြေအနေပေးတဲ့အတွက်ကြောင့်ပါ။”ဟု ၄င်းက ဆက်ပြောသည်။
တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ ပူးပေါင်းတိုက်ခိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
အမှတ်(၃၁)ခြေလျင်တပ်ရင်းသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ဖြစ်ပြီး ရေးမြို့နယ် ခေါဇာမြို့တွင် အခြေစိုက်ထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရေးမြို့နယ် ကျုံလောင်းရွာအနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် ပစ် ခတ်နေပြီး စကခ(၁၉)လက်အောက်ခံ ခလရ(၃၁)၊ ခလရ(၆၁)၊ ခလရ(၁၀၆)၊ ခမရ(၂၉၉)၊ ခမရ(၃၄၃)၊ ခမရ (၅၈၆)၊ ခမရ(၅၈၇)၊ ခမရ(၅၈၃)၊ ခမရ(၅၉၁)၊ အမတ(၃၁၆)တပ်များသည် အင်အားအများအပြားနှင့် စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
#TachileikNewsAgency
#TNA_MAT
Photo:Mon State Revolutionary Force - MSRF