သံတွဲမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ်ရင်း ၁၀ ရင်းကျော်ဖြင့် ခုခံ၊ AA က လေဆိပ်နှင့် ခမရ ၅၆၆ ကိုသိမ်းပြီးဟု ကြေညာ

သံတွဲမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ်ရင်း ၁၀ ရင်းကျော်ဖြင့် ခုခံ၊ AA က လေဆိပ်နှင့် ခမရ ၅၆၆ ကိုသိမ်းပြီးဟု ကြေညာ

ရခိုင်ပြည်နယ် သံတွဲမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က တပ်ရင်း(၁၀)ရင်းကျော်ဖြင့် ခုခံနေပြီး အာရက္ခတပ်တော် (AA)ကလည်း သံတွဲလေဆိပ်နှင့် ခမရ(၅၆၆)ကိုသိမ်းပိုက်ကာ ခလရ(၅၅)ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ(၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

သံတွဲမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဧပြီလ (၁၃)ရက်နေ့ကစတင်ခဲ့ပြီး စစ်ကောင်စီ၏ သံတွဲအခြေစိုက်တပ်ရင်း များဖြစ်ကြသော ခမရ (၅၆၆)နှင့် ခလရ (၅၅)တပ်ရင်းတို့အပြင် တပ်မ (၁၀၁)လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ (၂၃၅)၊ ခလရ (၂၅၁)၊ ခလရ (၂၅၂)၊ ခလရ (၂၅၃)၊ ခလရ (၂၅၄)၊ ခလရ (၂၅၅)၊ ခလရ (၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈)၊ ခလရ (၂၅၉) နှင့် ခမရ (၃၁၅)(မိတ္ထီလာ-တမခ-၉၉)-လပခ ၊ ခမရ (၃၆၆)(မော်လိုက်-စကခ-၁၀-ကလေး)-နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့အပြင် စစ်ကောင်စီ၏ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းများနှင့် Myanmar Navy SEALs တပ်ဖွဲ့ဝင်များက ပါဝင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတချို့ကို ဖမ်းဆီးရမိသော သုံ့ပန်းအချို့၏ ပြောကြားချက်အရ တပ်မ (၁၀၁)မှ တပ်ရင်း (၁၀)ရင်းစလုံး သံတွဲမြို့စစ်ဆင်ရေးတွင်ပါဝင်ခဲ့ကြပြီး ဘင်္ဂလားပင်လယ်ပြင်ထက်တွင် တပ်စွဲထားသော ရေတပ်စစ်သင်္ဘော (၅)စီးပါ စစ်ရေယာဉ်စု၊ ကွင်းဝိုင်း၊ သပြုချိုင်၊ ဂျိတ်တော စသည့်နေရာများမှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှု အမြောက်အများပစ်ကူပေးပြီး ကြည်း၊ ရေ၊ လေ စုပေါင်း၍ အသည်းအသန် ခုခံကာကွယ်နေသည်ဟု သိရသည်။

AA ကလည်း ဗျူဟာမြောက်စွာ ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် သံတွဲမြို့သိမ်းတိုက်ပွဲ၏ စစ်ရေးအခြေအနေသည် အပြင်းထန်ဆုံးနှင့် အမြင့်ဆုံးအနေအထားသို့ရောက်ရှိခဲ့ပြီး မြို့သိမ်းတိုက်ပွဲများအတွင်း AAအတွက် ခက်ခဲသော မြို့သိမ်းတိုက်ပွဲလည်းဖြစ်သည်ဟု ဆိုသည်။

သံတွဲအခြေစိုက် ခမရ (၅၆၆)တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီး  သံတွဲမြို့ အနီးပတ်ဝန်းကျင်ရှိ အခြားသောစစ်ကောင်စီတပ်စွဲထားသော စခန်းအချို့တို့ကိုလည်း သိမ်းပိုက်ရရှိထားပြီးဖြစ်သည်ဟု သိရသည်။

ခမရ (၅၆၆)အား လက်လွှတ်လိုက်ရသည့် နောက်ပိုင်းတွင် စစ်ကောင်စီသည် သံတွဲ၊ လေဆိပ်အတွင်း၊ လေဆိပ်အနီး အဆောက်အအုံများ၊ နာမည်ကြီးဟော်တယ်ကြီးများနှင့် ဇီးဖြူကုန်းရှိ (၃)ထပ်တိုက်တစ်တိုက်ထဲမှ ခုခံခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီသည် အင်အား (၁၀၀)ခန့်ဖြင့် ခုခံနေသောသုံးထပ်တိုက်နှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ နေရာများအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင်လည်းကောင်း၊ ငပလီ(မဇင်)လေဆိပ်အနီး လေဆိပ်အဆောက်အအုံနှင့် ၎င်းအနီးပတ်ဝန်းကျင်များမှ အင်အား (၄၀၀)ခန့်ဖြင် ခုခံနေသော နေရာများအားလုံးအား ဇူလိုင်လ (၅)ရက်နေ့တွင်လည်းကောင်း အပြီးသတ် သိမ်းပိုက်ပြီး ငပလီ (မဇင်)လေဆိပ်အား ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်မ (၁၀၁)၏ လက်အောက်ခံ တပ်ရင်းများအားလုံးနီးပါးကို AAက အပြတ်အသတ် ချေမှုန်းနိုင်ခဲ့ကာ စစ်ကောင်စီတပ်သား(၄၀၀) ကျော်၊ လက်နက်ခဲယမ်း အများအပြားကိုသိမ်းဆည်းရရှိခဲ့သဖြင့် စစ်ကောင်စီတပ်သားအလောင်းများကို ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ခဲ့သည်ဟု သိရသည်။  

လက်ရှိတွင် တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သော  ခလရ (၅၅)တပ်ရင်းအား ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများကို လိုက်လံချေမှုန်းနေသည်ဟု ထုတ်ပြန်ထားသည်။ 

ခလရ (၅၅)နှင့်အတူ (၁၀၁)တပ်မ လက်အောက်ခံ၊ ပခုက္ကူအခြေစိုက် ခလရ (၂၅၂)တပ်ရင်းနှင့် အခြားအမည်မသိသေးသော တပ်ရင်းအချို့တို့ စုပေါင်းပြီး ခလရ (၅၅)တပ်ရင်းနှင့် ၎င်းပတ်ဝန်းကျင် အနီးမှ ခုခံတိုက်ခိုက်နေကာ ရေတပ်၊ လေကြောင်းပစ်ကူ တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo:  AA Info Desk