ရခိုင်ပြည်နယ်အတွင်း AA ၏ မြို့သိမ်းတိုက်ပွဲများကနေ ထွက်ပြေးလာမည့် စစ်ကောင်စီတပ်သားများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ - အရှို ( CDF-Asho )က အမ်း - ပဒါန်းလမ်းပိုင်းတွင် ပိတ်ဆို့ တိုက်ခိုက်မှုများ ပြုလုပ်နေရာ လက်နက်နှင့်အတူ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား (၁၇)ဦးကို ဖမ်းဆီးရမိထားကြောင်း ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
CDF-Asho က ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁၇)ရက်နေ့ကနေ ဇန်နဝါရီလ(၂၅)ရက်နေ့အထိ စစ်ကောင်စီတပ်သား စုစုပေါင်း (၁၇)ဦးကို အမ်း - ပဒါန်းလမ်းပိုင်းတွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သား(၁၇)ဦးထံက သေနတ်အမျိုးအစားများဖြစ်သည့် MA-1 သေနတ်(၅)လက်၊ MA-2 သေနတ် (၁)လက်၊ MA-4 သေနတ် (၁)လက် နှင့် MA-15 သေနတ်(၁)လက် အပြင် ခဲယမ်းများ နှင့် စစ်အသုံးအဆောင် ပစ္စည်းများပါ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အလားတူ ရခိုင်ပြည်နယ် အမ်းမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများနှင့် CDF - Ashoတို့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁၃)ရက်မှ (၁၄)နေ့များတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်သား (၅)ဦး သေပြီး (၁၂)ဦးကို လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သေးကြောင်းလည်း သိရသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ - အရှို ( CDF-Asho )အနေဖြင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲကနေ ထွက်ပြေးလွတ်မြောက်လာမည့် စစ်ကောင်စီတပ်သားများကို ပိတ်ဆို့ တိုက်ခိုက် ဖမ်းဆီးမှုများကို ဆက်လက် လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။
Photo: Chin Defence Force - Asho