PDF တပ်စွဲထားသည့်နေရာမှ ဖယ်ရှားပေးရန် ချိန်းခြောက်သည့် ဆည်တော်ရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

PDF တပ်စွဲထားသည့်နေရာမှ ဖယ်ရှားပေးရန် ချိန်းခြောက်သည့် ဆည်တော်ရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်း PDF တပ်စွဲထားသည့်နေရာမှ ဖယ်ပေးရန် ချိန်းခြောက်သည့် ဆည်တော်ရွာ အုပ်ချုပ်ရေးမှူး ဦးဌေးဝင်း ပစ်ခတ်ခံရပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်းထံမှ သိရသည်။

ဆည်တော်ရွာ အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းသည် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၈)ရက်နေ့က မင်းဘူးခရိုင် အမှတ် (၇)တပ်ရင်း၏ Page Messangerမှတဆင့် တပ်စွဲထားသည့်နေရာမှ ဖယ်ပေးရန်နှင့် မဖယ်ပေးပါက ကိုယ်တိုင် ဦးဆောင်လမ်းပြမည်၊ အကြောင်းသိစေရမည်ဟု ချိန်းခြောက်ပြောဆိုခဲ့ပြီးနောက် နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက် (၆)နာရီ (၄၅)မိနစ်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

“ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ ၊ စစ်မှူထမ်းစာရင်းကောက်ရာမှာ မပါဝင်ဖို့ ထုတ်ပြန်ချက်တွေထုတ်ထားပါတယ်။ အဲဒီအတိုင်း လိုက်နာပေးကြဖို့ ပြောချင်ပါတယ်။ အရေးယူတာ ၊ မယူတာထက် ဒါတွေကတော့ ကျနောက်တို့ လက်သင့်မခံနိုင်ဘူး။ စစ်ကောင်စီဒေါက်တိုင်တွေကို လက်သင့်မခံနိုင်ဘူးလို့ ပြောတာပါ ခင်ဗျ။”ဟု မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

ဦးဌေးဝင်းသည် ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်းက စစ်ကောင်စီ စစ်ကြောင်းကြောင့် တိမ်းရှောင်ရသည့် ပြည်သူများကို လက်မခံရန် ဆော်သြခြင်း အပါအဝင် စစ်ကောင်စီထံ သတင်းပေးခြင်း၊ ဆည်တော်ရွာတွင် ပျူစောထီး ဖွဲ့စည်းခြင်း ၊ ရပ်ရွာကာကွယ်ရေးအမည်တပ်၍ စစ်သင်တန်းကို ကျေးရွာသား (၄၀) ပို့ရန် ဆောင်ရွက်နေခြင်း နှင့် တိုက်ပွဲဖြစ်ပွားနေစဉ် ကာလမှာပင် တအိမ်ထောင်စုလျှင် ငွေကျပ် ငါးသောင်း ကောက်ခံခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်မှုဆောင်ရွက်ပြီးနောက် ဦးဌေးဝင်းထံမှ ၅.၅၆ မမသုံး လက်လုပ်သေနတ် (၁)လက်၊ ၅.၅၆ မမကျည် (၁၀) တောင့် နှင့် လက်ကိုင်ဖုန်း (၃) လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်း