မိုင်းရှုးမြို့နယ် တောတွင်းအခြေစိုက်သည့် ကျားဖြန့်ဂိုဏ်းကို SSPP ဖမ်းဆီး

မိုင်းရှုးမြို့နယ် တောတွင်းအခြေစိုက်သည့် ကျားဖြန့်ဂိုဏ်းကို SSPP ဖမ်းဆီး
By Tachileik News Agency

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့နယ်ရှိ တောတွင်းတစ်နေရာ၌ အခြေစိုက်လုပ်ကိုင်နေသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို ဖမ်းဆီးထားကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(SSPP/SSA)က ၂၀၂၅ ခုနှစ် မတ်လ(၂၄)ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။

မိုင်းရှူးမြို့နယ် မန်ကျောင်းကျေးရွာအုပ်စု တောတွင်းတစ်နေရာတွင် လုပ်ကိုင်နေသည့် ကျားဖြန့် ငွေလိမ်ဂိုဏ်းကို  မတ်လ(၂၃)ရက်နေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်ဖမ်းဆီးရာ တရုတ်နိုင်ငံသားတချို့ ကိုလည်း ဖမ်းဆီးရမိကြောင်း သိရသည်။

ဖမ်းဆီးရမိသူအရေအတွက်ကို ထုတ်ပြန်ချက်တွင် ဖေါ်ပြထားခြင်းမရှိဘဲ ဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသားများကို ၎င်းတို့နိုင်ငံထံ လွှဲပြောင်းပေးမည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါဖမ်းဆီးမှုအတွင်း ကျားဖြန့်လုပ်ကိုင်သည့် ဖုန်းမျိုးစုံ ၊ iPad ၊ ကွန်ပျုတာမျိုးစုံ အများအပြား သိမ်းဆည်းရမိထားကြောင်း သိရသည်။

SSPP အုပ်ချုပ်သည့် နယ်မြေအတွင်း၌ ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို ခွင့်ပြုထားခြင်းမရှိရန် SSPP ၏ တပ်မှူး၊ ဌာနမှူး အဆင့်ဆင့်နှင့် အုပ်ချုပ်ရေးတာဝန်ခံ အဆင့်ဆင့် အပြင် နယ်မြေအတွင်းရှိ အရပ်သားများကိုပါ ၂၀၂၄ ခုနှစ် မေလ(၁၃)ရက်နေ့ကတည်းက အမိန့်ထုတ်ပြန်ထားခြင်းဖြစ်ပြီး ကျားဖြန့်နှင့် ပတ်သက်သူများကိုပါ ထိရောက်စွာ ဖမ်းဆီးအရေးယူမည်ဟု ထုတ်ပြန်ထားသည်။

SSPP သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ၂၃ ရက်ကလည်း တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းတစ်ခုကို စီးနင်းဖမ်းဆီးကာ ဖမ်းမိသည့် တရုတ်နိုင်ငံသား (၈၈) ဦးကို တရုတ်နိုင်ငံသို့ ချက်ချင်းလွှဲပေးခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရက နယ်စပ်ဖြတ်ကျော် မှုခင်းကျူးလွန်နေကြသည့် ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်ဂိုဏ်းများကို  ပြင်းပြင်းထန်ထန်တိုက်ဖျက်နေရာ တရုတ်နယ်စပ်ရှိ မြန်မာတိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကလည်း ၎င်းတို့အုပ်ချုပ်နယ်မြေများအတွင်း ကျားဖြန့်ဂိုဏ်းများ ဖေါ်ထုတ်အရေးယူခြင်းများကို ကြေညာလုပ်ဆောင်လာကြခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ်အခြေစိုက် ကျားဖြန့်ဂိုဏ်းများကိုပါ တရုတ်နိုင်ငံက ထိုင်းနိုင်ငံနှင့်ပူးပေါင်းကာ ဖိအားပေးနှိမ်နှင်းမှုကို ဆောင်ရွက်နေဆဲဖြစ်သည်။