နောင်တရားမြို့ကို အတင်းစုဆောင်းထားသည့် ဒေသခံတစ်သောင်းဖြင့် ကာကွယ်မည်ဟု PNO ပြည်သူ့စစ် ထုတ်ပြန် 

နောင်တရားမြို့ကို အတင်းစုဆောင်းထားသည့် ဒေသခံတစ်သောင်းဖြင့် ကာကွယ်မည်ဟု PNO ပြည်သူ့စစ် ထုတ်ပြန် 
သြဂုတ် 21, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က သင်တန်းပေးထားသည့် အင်အားတစ်သောင်းဖြင့် ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၂၁)ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်မှုမထမ်းမနေရဖြင့် အတင်းအဓမ္မစုဆောင်းထားသည့် ဒေသခံများကို PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်က စစ်သင်တန်းပေးပြီး နောင်တရားမြို့ ကို ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များအား ဆောင်ရွက်နိုင်ရန် အမှတ်စဥ်(၁)၊ အင်အားတစ်သောင်းဖြင့် စီမံဆောင်ရွက်သွားမည်ဟုဆိုကာ အင်အားပြ ထုတ်ပြန်လာသည်။ 

အဆိုပါ သင်တန်းဆင်း အခမ်းအနားကို PNA စစ်ဦးစီးချုပ်များ၊ PNO ပါတီဝင်များ၊ စန္တာႏခမ်းစစ်ဒေသမှူးများနှင့် စစ်ကောင်စီဘက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

“တစ်တိုင်ပြည်လုံးရဲ့ ရန်သူ ပြည်သူအားလုံးရဲ့ ရန်သူက အကြမ်းဖက်စစ်ကောင်စီပါ အင်အားတစ်သောင်းစုပြီး ပအိုဝ်းဒေသထဲက စစ်ကောင်စီကို တိုက်ထုတ်မယ်ဆိုရင်တော့ ကြိုဆိုပါတယ်။ အင်အားတစ်သောင်းစုပြီး စစ်ကောင်စီ လက်အောက်ခံ ကျွန်အဖြစ်နေမယ်ဆိုရင်တော့ စစ်အာဏာရှင်စနစ်ကို ကာကွယ်ပေးတဲ့ ကျွန်တစ်သောင်း တိုးလာတာပဲဖြစ်ပါတယ်။”ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) ဥက္ကဌ ခွန်သူရိန် က Tachileik News Agency ကို ပြောသည်။

ထို့ကြောင့် ကိုယ်ကကျွန်လား လွတ်လပ်သည့် လူမျိုးလားဆိုသည်ကို ကိုယ့်ဆင်ခြင်ဥာဏ်နှင့်ကိုယ် ဆုံးဖြတ်ချိန်တန်ပြီဖြစ်ကာ ကျွန်အဖြစ် အသက် ၁၀၀ ရှင်ရသည်ထက် လွတ်လပ်သည့်လူအဖြစ် ၁ ရက်အသက်ရှင်ရသည်က ပိုမြတ်သည်ဟုလည်း ၎င်းကဆိုသည်။

လက်ရှိတွင် ပအိုဝ်းဒေသအတွင်း စစ်ကောင်စီတပ်ပူးပေါင်း PNO ပြည်သူ့စစ်နှင့် PNLO တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

#TachileikNewsAgency

Photo: Pa-O National Army