နောင်ချိုမြို့ရှိ ခမရ ၁၁၅ နှင့် ကျောက်မဲရှိ ငြိမ်းချမ်းရေးကုန်း၊ ၃၅၂ အမြောက်တပ်တို့ကို TNLA သိမ်း

နောင်ချိုမြို့ရှိ ခမရ ၁၁၅ နှင့် ကျောက်မဲရှိ ငြိမ်းချမ်းရေးကုန်း၊ ၃၅၂ အမြောက်တပ်တို့ကို TNLA သိမ်း

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ စစ်ကောင်စီတပ် ခမရ(၁၁၅)နှင့် ကျောက်မဲမြို့ရှိ ငြိမ်းချမ်းရေးကုန်း၊ အမှတ် (၃၅၂) အမြောက်တပ်ရင်းတို့ကို ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် TNLA က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

TNLA သည် ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် နောင်ချိုမြို့ရှိ စစ်ကောင်စီတပ် ခမရ(၁၁၅)နှင့် ကျောက်မဲမြို့ရှိ အမြောက်တပ်ကုန်း အမှတ် (၃၅၂) အမြောက်တပ်ရင်းအပါအဝင် နေရာတချို့ကိုသိမ်းပြီး ကျန်ရှိတပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေသည်ဟု သိရသည်။

“အခုထိ တိုက်ပွဲပြင်းထန်နေဆဲပါ။ မနေ့က စခန်းအချို့တော့ သိမ်းထားပြီ။ ဒီမနက်ကတော့ နောင်ချိုက ခမရ (၁၁၅)ကိုသိမ်းပြီ။ ဌာနဆိုင်ရာ၊ ရဲစခန်းသိမ်းပြီးပြီ။ ခမရ(၁၁၄)ကို ဆက်ပြီး တိုက်နေတယ်။ ကျောက်မဲက ငြိမ်းချမ်းရေးကုန်း၊ (၃၅၂)အမြောက်တပ်ကို သိမ်းပြီးပြီ။ ကျန်တာကတော့ စခန်းအသေးတွေ သိမ်းပြီးပြီ။ စကခ(၁)မှာ ဆက်ဖြစ်နေတယ်။ စစ်ကောင်စီက Jet Fighter နဲ့ အဆက်မပြတ် လာပစ်နေတယ်။ စစ်ကောင်စီတပ်သားတွေ ဖမ်းမိထားတယ်။ နယ်မြေရှင်းလင်းနေဆဲပါ။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ဒေါ်နန်းကြည်တောင်ပတ်ဝန်းကျင်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲနေသည်ဟု သိရသည်။

စစ်ကောင်စီနှင့် TNLA ပူးပေါင်းတပ်တို့သည် မိုးကုတ်၊ နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့တိုတွင် ယမန်နေ့ ၂၀၂၄ခုနှစ် ဇွန်လ (၂၅)ရက်နေ့မှစတင်၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

#TachileikNewsAgency