မြန်မာနိုင်ငံတွင် ငလျင်ဒဏ်သင့်၍ နိုင်ငံတကာမှ စစ်တပ်ကပါ လာရောက်ပြီး ရှာဖွေ ကူညီဆောင်ရွက်ပေးနေချိန်တွင် အာဏာသိမ်း စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူမြို့နယ် ဇင်ချောင်းကုန်ဘွေရွာကို လက်နက်ကြီးနှင့်ပစ်ခတ်၍ သံဃာတစ်ပါးနှင့် အရပ်သားတစ်ဦး သေဆုံးသည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၃၁)ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ဖြူမြိုနယ်၊ ဝါးနက်ချွိန်ရွာအနီး ကျောက်ချထားသည့် စစ်ကောင်စီ၏ ရေတပ်က ဇင်ချောင်းကုန်ဘွေရွာကို လက်နက်ကြီး (၃)လုံးပစ်ခတ်သဖြင့် ဘုန်းကြီးကျောင်းဓမ္မာရုံ၊ အောင်မင်္ဂလာ ရပ်ကွက် နှင့် လမ်းမတို့ကို ကျရောက်ပေါက်ကွဲသည်ဟု သိရသည်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျံလွန်တော်မူသည့် သံဃာတော်မှာ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွေရွာမှ သက်တော်(၃၂)နှစ်ရှိ အသျှင်အာဒိစ္စ နှင့် အဆိုပါရွာမှ အသက်(၃၀)အရွယ် ကိုဘဂျမ်းတို့ ဖြစ်ကြောင်းသိရသည်။
ဒဏ်ရာရရှိသူများအနေဖြင့် ဇင်ချောင်းကုန်ဘွေရွာမှ သက်တော်(၇၄)နှစ်ရှိ ဆရာတော်ကြီး အသျှင်ဇနိတ နှင့် သက်တော်(၁၂)ရှိ ကိုရင် သျှင်ဓမ္မာနန္ဒ အပြင် အသက်(၄၅)နှစ်ရှိ၊ ဦးမောင်ထွန်းမြ၊ အသက်(၅၀)နှစ်ရှိ ဒေါ် သန်းသန်းအေး နှင့် အုန်းတောရွာမှ စစ်ဘေးရှောင်နေသည့် အသက်(၃၁)နှစ်အရွယ် မဖြိုးဖြိုးဝင်း၊ ကင်းပင်လယ်နားရွာသစ်မှ စစ်ဘေးရှောင် အသက်(၅၅)နှစ်အရွယ် ဒေါ် သိန်းဟန်နု၊ ဆင်တက်မော်ရွာသစ်ရွာမှ စစ်ဘေးရှောင် အသက်(၁၆)နှစ်ရှိ မခင်မြအေး တို့ ထိခိုက် ဒဏ်ရာရသည်ဟု သိရသည်။
စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွင် ဆရာတော်ကြီးတစ်ပါးနှင့် ကိုရင်ငယ်တပါး အပါအဝင် အရပ်သား(၇)ဦးလည်း ပြင်းထန်ဒဏ်ရာရှိခြင်း ဖြစ်သည်။
မတ်လ(၂၈)ရက်နေ့က နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ပြင်းထန်ဆုံး ငလျင်ကြောင့် နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးများ လာရောက်၍ ကူညီဆောင်ရွက်ပေးနေရာတွင် စစ်တပ်မှ အရာရှိနှင့်အထူးတပ်ဖွဲ့များပါ လာရောက်ပြီး ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြသော်လည်း နိုင်ငံအတွင်း အချို့နေရာများတွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်နေခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်၊။
Photo: APM
#TachileikNewsAgency