မကွေးတိုင်း ရေစကြိုမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားတစ်ဦးကို Myingayn Black Tiger (MBT)တပ်ဖွဲ့က ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့က ဖမ်းဆီးရမိထားကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ရေစကြိုမြို့ အမှတ် (၈) သုခဝတီရပ်ကွက် ကပ်ကျော်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားစဉ် အဆိုပါစစ်ကောင်စီတပ်သားသည် ကင်းစောင့်ရင်း ဖုန်းသုံးနေစဉ် Myingayn Black Tiger (MBT)တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။
“ရေစကြိုမြို့ အမှတ်(၈)သုခဝတီရပ်ကွက်မှာ ကင်းလှည့်နေချိန်မှာ ဖမ်းမိခဲ့တာပါ။ အရင်ကတည်းက ကျွန်တော်တို့ ချောင်းနေတာပါ။ ရေစကြိုမြို့ပေါ်မှာ စကစ အင်အားများတဲ့အချိန် ဒီကောင်တွေက ထွက်ပြီးအရက်ဝယ်တာပေါ့နော်။ အရက်သောက်တာတွေ၊ သေနတ်လွယ်ပြီးပေါ့နော် ဂိမ်းဆော့တာတွေ၊ ဖုန်းသုံးတာတွေ လုပ်လေ့ရှိတယ်။ အဲဒီကတည်းက ချောင်းနေတာပါ။ အခုက အခွင့်အရေးကို အမိအရယူပြီး အနီးကပ်သေနတ်ထောက်ပြီး အေးဆေးပဲ ဖမ်းလာတာပါ။”ဟု Myingayn Black Tiger (MBT)တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက Tachileik News Agency ကိုပြောသည်။
အဆိုပါစစ်ကောင်စီတပ်သားအား လက်နက်နှင့်တကွ ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် စစ်ဆေးမှုများပြုလုပ်နေကာ ၎င်းကျူးလွန်ခဲ့သော ပစ်မှုအလျှောက် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
“လောလောဆယ်တော့ စစ်ဆေးတဲ့ရဲဘော်တွေဆီကို ကျွန်တော်တို့ပို့ထားတယ်။ သူ့ရဲ့ပြစ်မှုအပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့ Myingyan Black Tiger (MBT) တပ်ဖွဲ့အနေနဲ့ အပြစ်ပေးသွားမှာပါ။ ဘယ်လိုအပြစ်ဆိုတာကတော့ မဆုံးဖြတ်ရသေးပါဘူး။”ဟု ၎င်းကဆက်ပြေသည်။
Myingyan Black Tiger(MBT) မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်းအနေဖြင့် စစ်အာဏာရှင်စနစ်အား ယခုထက် ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်ရန်အတွက် MBT တပ်ဖွဲ့မှ စီစဥ်ထားသော End Point ကမ်ပိန်းတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။
#TachileikNewsAgency